အခက်အခဲများနှင့်ရင်ဆိုင်နေရသော မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုများ

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံတွင် အခြေအနေရှုပ်ထွေးမှုများ ကြီးမားလာခဲ့သဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများ ရှိခဲ့သည်။

By Admin 10 Mar 2023

ပဲခူးတိုင်း၊ တံတားဦးကျေးရွာ၌ မြစ်ကမ်းပါးပြိုသဖြင့် ပျက်စီးသွားသော ဘုန်းကြီးကျောင်းတစ်ကျောင်းအား ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က မြင်တွေ့ရစဉ်။ ဓာတ်ပုံ – Reuters
ပဲခူးတိုင်း၊ တံတားဦးကျေးရွာ၌ မြစ်ကမ်းပါးပြိုသဖြင့် ပျက်စီးသွားသော ဘုန်းကြီးကျောင်းတစ်ကျောင်းအား ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က မြင်တွေ့ရစဉ်။ ဓာတ်ပုံ – Reuters

DMG (ဘာသာပြန်ဆောင်းပါး)

ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံ၌ကြုံတွေ့ခဲ့ရသော နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ စနစ်များ အသစ်ထပ်မံ ပေါ်ပေါက်လာခဲ့သည့်အတွက် မြန်မာ့သဘာဝပတ်ဝန်းကျင်သည်လည်း များစွာပြောင်းလဲသွားခဲ့လေသည်။

ပြီးခဲ့သော ၂ နှစ်အတွင်း (အထူးသဖြင့်) ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွှေတူးဖော်မှု သိသိသာသာ မြင့်တက်လာခဲ့သည့်အတွက် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများလည်း ကျယ်ကျယ်ပြန့်ပြန် ပေါ်ပေါက်လာခဲ့သည်။ တရားမဝင် သို့မဟုတ် ဥပဒေပြင်ပမှ သတ္တုတူးဖော်မှုများ ကြီးထွားလာချိန်မှာပင် မြန်မာစစ်တပ်က သတ္တုတူးဖော်ထုတ်လုပ်ရေး ခွင့်ပြုချက်သစ်များ ထုတ်ပေးခဲ့ခြင်းကလည်း သစ်တောပြုန်းတီးခြင်းအပြင် မြေတိုက်စားခြင်းနှင့် ရေလွှမ်းမိုးမှုများကိုပါ ဖြစ်ပေါ်စေခဲ့သည်။ ထို့အပြင် ရေလမ်းကြောင်းများအား အဆိပ်အတောက်များဖြင့် ညစ်ညမ်းစေပြီး ငါးဖမ်းလုပ်ငန်းများသည်လည်း ထိခိုက်လာခဲ့သည်။

ကချင်ပြည်နယ်သည် ညစ်ညမ်းမှုအလွန်မြင့်မားသော မြေရှားသတ္တုများကို အဓိကတူးဖော်ရာနေရာအဖြစ် ပေါ်ထွက်လာနေသည်။ မြေရှားဒြပ်စင်များအား နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့မှုများ နှစ်ပေါင်းများစွာကြာသည်အထိ ဖြစ်ပွားနေသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း တင်ပို့မှု ပို၍အားကောင်းလာခဲ့သည်။ ထိုသို့သောညစ်ညမ်းမှုများ ဖြစ်ပွားရာဒေသများကို ထိန်းချုပ်နိုင်ရန်အတွက် ယခင်အစိုးရများလက်ထက်တွင် ကြိုးစားဆောင်ရွက်ခဲ့သော်လည်း အာဏာသိမ်းလိုက်ချိန်မှာတော့ ကြီးကြပ်ထိန်းချုပ်မှုများ ကင်းမဲ့သွားခဲ့ရသည်။ စစ်တပ်က ၎င်းလုပ်ငန်းများမှ ဝင်ငွေရရှိနေပြီး  အတိုက်အခံများအား နှိမ်နင်းရာတွင်လည်း ထိုဝင်ငွေများက စစ်တပ်အတွက် အကူအညီဖြစ်စေပါသည်။

မြန်မာ့သဘာဝပတ်ဝန်းကျင်အနေဖြင့် ၎င်းအား ကာကွယ်စောင့်ရှောက်ပေးကြမည့် သူများအား အလိုအပ်ဆုံးဖြစ်နေချိန်မျိူး၌ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများက ဖိအားနှင့် လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်ပူပန်နေရမှု အသစ်များကို လိုသည်ထက်ပိုပြီး ရင်ဆိုင်နေကြရသည်။

မြန်မာ့သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများနှင့် ပိုပြီးကျယ်ပြန့်သော အရပ်ဘက် လူ့အဖွဲ့အစည်းများသည် နိုင်ငံရေးအရ ကန့်သတ်ချုပ်ချယ်မှုများနှင့် စိမ်းနေကြသူများ မဟုတ်ကြပေ။ အစောပိုင်းရာစုနှစ်ထက်ဝက် စစ်အုပ်ချုပ်ရေးကာလများအတွင်း တက်ကြွလှုပ်ရှားသူများသည် အများအားဖြင့် တိုင်းရင်းသား လွတ်မြောက်နယ်မြေများ သို့မဟုတ် စစ်တပ်က လက်လှမ်းမမီနိုင်သော နယ်စပ်ဒေသများတွင်သာ အကန့်အသတ်ဖြင့် ရှိနေခဲ့ကြသည်။ ထိုသို့သောအခြေအနေများသည် ၂၀၁၁ ခုနှစ်မှစတင်သည့် မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု ဆယ်စုနှစ်များအတွင်း စတင်ပြောင်းလဲသွားခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများသည် အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းများ၊ သတ္တုတွင်းများနှင့် အစိုးရ၏ဆုံးဖြတ်ချက်များကို ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါ်တင်တင် စိန်ခေါ်လာနိုင်ခဲ့သည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံတွင် အခြေအနေရှုပ်ထွေးမှုများ ကြီးမားလာခဲ့သဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများ ရှိခဲ့သည်။  ၂၀၂၂ ခုနှစ် အောက်တိုဘာတွင်ပြဋ္ဌာန်းခဲ့သော တင်းကြပ်လွန်းသည့် အဖွဲ့အစည်းဆိုင်ရာ မှတ်ပုံတင်ဥပဒေသစ်အရ တက်ကြွလှုပ်ရှားသူများအတွက် ပိုပြီး အန္တရာယ်များလာခဲ့သည်။ ပြီးခဲ့သောနှစ်များအတွင်း မြန်မာ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများအပေါ် အဓိကအားဖြင့် သက်ရောက်မှုကြီး ၃ ခုရှိခဲ့လေသည်။

အာဏာသိမ်းမှုနှင့် ၎င်း၏နောက်ဆက်တွဲ အဖွဲ့အစည်းနှင့် လူမှုဆက်ဆံရေး ပဋိပက္ခများကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစိုးမဟုတ်သော NGO များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်းများ ပြိုလဲသွားသွားရသည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ အချို့သော တက်ကြွလှုပ်ရှားသူများသည် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများကို စွန့်လွှတ်ပစ်ခဲ့ရပြီး လုံခြုံရေးစိစစ် စစ်ဆေးမှုများမှ ရှောင်ကြဉ်နိုင်ရန် မိမိတို့လုပ်ဖော်ကိုင်ဖက်ဟောင်းများနှင့် ဆက်သွယ်မှုကွန်ရက်များ အားလုံးကို ဖြတ်တောက်ပစ်ခဲ့ကြသည်။

အလားတူ ကျိုးပဲ့ပျက်စီးခြင်းမျိုး ၂၀၁၄ ခုနှစ် ထိုင်းအာဏာသိမ်းပြီး နောက်ပိုင်းကလည်း ကြုံတွေ့ခဲ့ရပြီး ထိုင်းနိုင်ငံတွင်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများ သိသိသာသာ ကျဆင်းသွားခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု အကျိုးသက်ရောက်မှုများသည် လူ့အဖွဲ့အစည်းတစ်ခုလုံးအပေါ် ပြင်းထန်ဆိုးရွားသော နှောင့်ယှက်မှုများနှင့် ဖိနှိပ်မှု လွန်ကဲလွန်းပေသည်။

တက်ကြွလှုပ်ရှားသူ အများအပြားအား ဘေးကင်းလုံခြုံရေး အကြောင်းပြချက်များဖြင့် အတင်းအဓမ္မ နေရာရွှေ့ပြောင်းခဲ့သည့်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများအနေဖြင့် တကွဲတပြားဖြစ်ရမှု ဖြစ်စဉ်များနှင့် ကြုံတွေ့ခဲ့ရသည်။ တက်ကြွလှုပ်ရှားသူများသည် စာနာနားလည်မှုရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ထိန်းချုပ်ထားသော လွတ်မြောက်နယ်မြေများဆီသို့ ထွက်ပြေးခြင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများကို ဆက်ပြီးဆောင်ရွက်နိုင်မည့် ထိုင်းနိုင်ငံတွင် သွားရောက်ခိုလှုံခြင်း စသည့် နည်းလမ်းများဖြင့် စစ်ကောင်စီမှ လက်လှမ်းမမီနိုင်သော နေရာဒေသများဆီသို့ ထွက်ခွာသွားကြလေသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး အခက်အခဲများကြောင့်လည်း ထပ်ဆင့်အခက်အခဲများ ကြုံခဲ့ရပြန်ပြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲခြင်းနှင့် ရင်ဆိုင်ခဲ့ရပြန်သည်။ နယ်မြေများစွာတွင် အင်တာနက် ဖြတ်တောက်ခြင်းများကြောင့် ကွန်ရက်များ ဆက်လက်ချိတ်ဆက်ထားရန် အခက်အခဲရှိလာခဲ့သည်။ တက်ကြွလှုပ်ရှားသူ အများအပြားကလည်း ၎င်းတို့အတွက် လုံခြုံရေးအကြောင်းပြချက်ဖြင့် ဖုန်းနံပါတ်များ ပြောင်းလဲခဲ့ကြသဖြင့် ပြန်ပြီး ချိတ်ဆက်ဖို့ ဆက်သွယ်ရေး ခက်ခဲသွားရပြန်သည်။ အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်မှုများ ရှိနေသေးသော နေရာဒေသများတွင်လည်း အဓိက လူမှုကွန်ရက်များအပေါ် ကန့်သတ်ချက်အသစ်များ ထပ်မံသတ်မှတ်သည့်အတွက် ကွန်ရက်လှုပ်ရှားမှုများပါ နှောင့်နှေးခဲ့ရသည်။ မြန်မာနိုင်ငံတစ်ဝှမ်း ခရီးသွားလာရေးမှာလည်း စရိတ်စကမြင့်မားလာပြီး အကန့်အသတ်ရှိသော ချိတ်ဆက်မှုများနှင့် ပုံမှန်ရှိနေသော စစ်ဆေးရေးဂိတ်များကြောင့် ပိုပြီး ခက်ခဲလာခဲ့လေသည်။ လက်ရှိအချိန်တွင်တော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများနှင့် အဖွဲ့အစည်းများက ၎င်းတို့အစီအစဉ်များ သို့မဟုတ် ကွန်ရက်ချိတ်ဆက်မှုများအား အကန့်အသတ်ဖြင့်သာ လုပ်ဆောင်နေကြရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားမှုများက ပုံစံအမျိုးမျိုးဖြင့် ပြောင်းလဲခဲ့လေသည်။ တက်ကြွလှုပ်ရှားသူများအနေဖြင့် မြန်မာနိုင်ငံအတွင်း စစ်ကောင်စီထိန်းချုပ်ထားသော နယ်မြေများအတွင်း ၎င်းတို့၏လုပ်ငန်းများကို ဆက်ပြီးလုပ်ကိုင်နိုင်ရန်အတွက် ဗျူဟာအသစ်များ ချမှတ်ပြီး လုပ်ကိုင်လာခဲ့ကြရသည်။ တက်ကြွလှုပ်ရှားသူများသည် စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ထားနိုင်သော နယ်မြေဒေသများမှ စစ်တပ်ထိန်းချုပ်မှု အားနည်းသော ကျေးလက်ဒေသနယ်မြေ ဒေသများဆီသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ကြသည်။

အချို့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများသည် ၎င်းတို့လုပ်ကိုင်ခဲ့ကြသော မူလ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပံ့ပိုးပေးရေးသို့ အခန်းကဏ္ဍ ပြောင်းလဲလိုက်ခြင်းဖြင့် ၎င်းတို့၏လုပ်ငန်းပိုင်ဆိုင်ရာကို အပြီးအစီး ပြောင်းလဲလိုက်ကြသည်။ အချို့ကတော့လည်း အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့သော ဒီမိုကရေစီအရေး လက်နက်ကိုင်တော်လှန်ရေး၏ အစိတ်အပိုင်းဖြစ်သော ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ သို့မဟုတ် အရင်ရှိနေပြီးသား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းခဲ့ကြခြင်းဖြင့် အကြမ်းမဖက်ရေးလှုပ်ရှားရေးမှ အသွင်ကူးပြောင်းသွားခဲ့ကြလေသည်။

သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်ပျက်စီးစေသော လှုပ်ရှားမှုများအား ပေါ်ပေါ်တင်တင် စိန်ခေါ်ရန်အတွက် တက်ကြွလှုပ်ရှားသူများ၏ စွမ်းဆောင်ရည်များသည်လည်း အငွေ့ပျံကွယ်ပျောက်လုနီးနီး ဖြစ်နေပါသည်။ နိုင်ငံတကာမှ ပါဝင်ဆောင်ရွက်သူများအား ပံ့ပိုးကူညီကြပါရန် တက်ကြွလှုပ်ရှားသူများမှ ပန်ကြားနိုင်ပါသော်လည်း နိုင်ငံတကာအဖွဲ့အစည်းများ၏ ဩဇာလွှမ်းမိုးမှုများကလည်း များစွာလျော့ကျသွားခဲ့ပေပြီ။ ဆယ်စုနှစ်ကြာ ပြုပြင်ပြောင်းလဲရေးကာလများ အတွင်းကတော့ အရပ်ဘက်အဖွဲ့အစည်းများ အနေဖြင့် ၎င်းတို့၏ စိုးရိမ်သောကများနှင့်ပတ်သက်ပြီး အစိုးရက ထည့်သွင်းစဉ်းစားရန် ပျက်ကွက်ခဲ့သည်ဆိုပါက သယံဇာတတူးဖော်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဆိုင်ရာ ကနဦးဆောင်ရွက်မှု(EITI)၏ အပြည်ပြည်ဆိုင်ရာ အတွင်းရေးမှူးရုံးဆီသို့ တိုင်ကြားနိုင်ခဲ့ကြသည်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်းနိုင်ငံရေး မတည်ငြိမ်မှုများကြောင့်  EITI မှ ရပ်ဆိုင်းခြင်းခံခဲ့ရသည်။ နိုင်ငံတကာမှ ပါဝင်ဆောင်ရွက်နေသော ထိုကဲ့သို့သော အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်း လုံးဝမရှိတော့ပေ။

ယူကရိန်းနိုင်ငံအပေါ် နိုင်ငံတကာ အာရုံစူးစိုက်မှုများနှင့်အတူ မြန်မာ့သဘာဝပတ်ဝန်းကျင် သည်လည်း ဆိုးဆိုးရွားရွား ပျက်စီးယိုယွင်းမှုများနှင့် ကြုံတွေ့နေရသည်။ ၎င်းလုပ်ငန်းအပေါ် မှီခိုနေရသော အသိုင်းအဝိုင်းများ အနေဖြင့်လည်း မိမိတို့ဘေးကင်းလုံခြုံရေးနှင့် အသက်မွေးဝမ်းကြောင်း ရပ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုများစွာနှင့် ရင်ဆိုင်နေရသည်။ ထိုပြဿနာများအတွက် လွယ်ကူရိုးရှင်းသောအဖြေများ မရှိသော်လည်း ယူကရိန်းနိုင်ငံအပေါ်ထားရှိသော အာရုံစူးစိုက်မှုများကိုသာ မြန်မာနိုင်ငံဘက် ဦးလှည့်ပေးနိုင်ခဲ့လျှင်မူ နွံနစ်နေရသော လက်ရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများမှ လွတ်မြောက်နိုင်ရန် နည်းလမ်းများအတွက် ပိုပြီး အလားအလာ ရှိလာပေလိမ့်မည်။

ဘုန်းမောင်

"East Asia Forum" တွင်ဖော်ပြထားသော "Myanmar's arrested environmental activism" ကို ဆီလျော်အောင် ရေးသားပါသည်။

ဗီဒီယိုများ