ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ပြီးခဲ့သည့်သီတင်းပတ်က တွေ့ဆုံခဲ့

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင်ကျင်းပသည့် အာဆီယံဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေသည့် ဝန်ကြီး ဒုံပရာမုဝီနိုင် (Don Pramudwinai) က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားလိုက်သည်။

By Admin 12 Jul 2023

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒုံပရာမုဝီနိုင်။ ဓာတ်ပုံ - Reuters
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒုံပရာမုဝီနိုင်။ ဓာတ်ပုံ - Reuters

ထိန်းသိမ်းခံထားရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင်ကျင်းပသည့် အာဆီယံဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေသည့် ဝန်ကြီး ဒုံပရာမုဝီနိုင် (Don Pramudwinai) က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“တွေ့ခဲ့ပါတယ်။ သူမ ကျန်းမာရေးကောင်းပါတယ်။ ကောင်းမွန်တဲ့ တွေ့ဆုံမှုတစ်ရပ်လည်း ဖြစ်ပါတယ်” ဟု ဝန်ကြီးက သတင်းထောက်များကို ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြီးခဲ့သော တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြန်လုပ်ကြရန်လည်း သူမက တိုက်တွန်းသည်ဟု ဝန်ကြီးက အတည်ပြုပြောကြားသည်။

ယခုတွေ့ဆုံမှုသည် အရပ်သားအစိုးရကို မြန်မာစစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ လက်ရှိအချိန်အထိ ၂ နှစ်ခွဲခန့်အတွင်း ပထမဆုံးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြားသံတမန်တစ်ဦး တွေ့ဆုံခြင်းလည်းဖြစ်သည်။

အာဆီယံအဖွဲ့ကြီးသည် မြန်မာ့အရေး ကူညီဖြေရှင်းရန်အတွက် ဘုံသဘောတူညီချက် ငါးရပ်ကို ၂၀၂၁ ခုနှစ် ဧပြီလတွင် ချမှတ်ခဲ့သည်။ အဆိုပါ သဘောတူညီချက်များအား မြန်မာစစ်ကောင်စီက ၂ နှစ်ကျော် ကြာလာသည့်တိုင် တိတိပပ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသဖြင့် စစ်ကောင်စီကို အာဆီယံ ထိပ်သီးအစည်းအဝေးများအား တက်ရောက်ခွင့် မပြုဘဲ ပိတ်ပင်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် အတွက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ အာဆီယံ၏ မြန်မာကိုယ်စားလှယ် အပါအဝင် နိုင်ငံခြားသံတမန်များ၏ တောင်းဆိုချက်များအား မြန်မာစစ်ကောင်စီက တောက်လျှောက်ငြင်းပယ်ခဲ့သည်။ သူမ၏ ရှေ့နေများသည်လည်း မီဒီယာများနှင့် စကားပြောခွင့် မရှိပေ။

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက အမှုအများအပြားဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ကနဦးတွင် နေပြည်တော်ရှိ နေအိမ်တစ်လုံး၌ ထိန်းသိမ်းထားရာမှ ၂၀၂၂ ခုနှစ် ဇွန်လတွင် နေပြည်တော် အကျဉ်းထောင်သို့ ပြောင်းရွှေ့ကာ သီးသန့်အဆောင်တစ်ခု၌ ထိန်းသိမ်းထားသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဂျာကာတာတွင် ကျင်းပလျက်ရှိပြီး မြန်မာ့ပဋိပက္ခအရေး၊ တောင်တရုတ်ပင်လယ် ရေပြင်အငြင်းပွားမှုအရေး တို့ကို ဆွေးနွေးကြမည်ဟု ယူဆရသည်။

ဗီဒီယိုများ