တရုတ်အကွက်ရွှေ့လိုက်သည့် မြန်မာ့ရွေးကောက်ပွဲဇာတ်ညွှန်း

တရုတ်အနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်လာလျှင် လက်နက်ကိုင်ပဋိပက္ခ ကြားဝင်ဖြေရှင်းသူ အနေဖြင့် လည်းကောင်း၊ သူပုန်အဖွဲ့များအား လက်နက်ထောက်ပံ့သူ အဖြစ်လည်းကောင်း နှစ်ဖက်လုံးမှ အကျိုးအမြတ်ရရှိရေးနည်းလမ်းဖြင့် လုပ်ဆောင်လေ့ရှိသည်။ ၎င်းမှာ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်းနှင့် ကြေးနီ၊ ရွှေ၊ ကျောက်စိမ်း၊ ပယင်းနှင့် ရှားပါး သတ္တုဒြပ်စင်များ အပါအဝင် မြန်မာနိုင်ငံ၏ ပေါကြွယ်လှသည့် သယံဇာတများ ထုတ်လုပ်သုံးစွဲခွင့်...

By မေမိုး 31 May 2020

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ နှစ်နိုင်ငံအစည်းအဝေး မစတင်မီ လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားပြီး ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းမည့် အရိပ်အယောင် ယခုအချိန်အထိ မတွေ့ရသေးချေ။ ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍လည်း သံသယဖြစ်ဖွယ်များစွာ မရှိသေးပေ။

နိုင်ငံရေးလေ့လာ စောင့်ကြည့်သူအများစုက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထပ်မံ အနိုင်ရမည်ဖြစ်ကြောင်း တွက်ဆထားကြသည်။ သို့ရာတွင် မကြာသေးမီက ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များအရ တိုင်းရင်းသား‌နယ်မြေများတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီအပေါ် ထောက်ခံအားပေးမှု သိသိသာသာကျဆင်းလာရာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကဲ့သို့ မဲအပြတ်အသတ်ဖြင့် အနိုင်ရလိမ့်မည် မဟုတ်ကြောင်း ခန့်မှန်းကြသည်။

သို့ရာတွင် ပို၍အရေးကြီးသည့် ရွေးကောက်ပွဲဆိုင်ရာ မေးခွန်းမှာ NLD အနေဖြင့် သီးခြားအုပ်ချုပ်ခွင့်ရထားသည့် စစ်တပ် နှင့် ဆက်ဆံရေးကို မည်သို့ လိမ္မာပါးနပ်စွာ တည်ဆောက်မည်နည်း ဆိုသည်နှင့် ထိုအခြေအနေအောက်တွင် NLD အစိုးရ အနေဖြင့် မြောက်ဘက်မှ အင်အားကြီး အိမ်နီးချင်း တရုတ်နိုင်ငံနှင့် မည်ကဲ့သို့ ဆက်ဆံရေးမျိုး ထူထောင်မည်နည်း ဆိုသည်တို့မှာ မဲဆွယ်စည်းရုံးချိန်တွင် ပုံပေါ်လာနိုင်ပြီး နိုင်ငံရေးအရလည်း သက်ရောက်မှု ရှိလာနိုင်သည်။

မြန်မာနိုင်ငံတွင် ယခင်နှင့် လုံးဝကွဲပြားသွားသည့် အနေအထားသစ်တစ်ရပ် ပေါ်ထွန်းလာခဲ့ပြီဖြစ်သည်။ ၎င်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ယခုအခါ တရုတ်အစိုးရ၏ ယုံကြည်စိတ်ချရသော မဟာမိတ်တစ်ဦးအဖြစ် ရှုမြင်လာကြပြီး တပ်မ‌တော်ကို တရုတ်နိုင်ငံ၏ အပြင်းအထန် ရှေ့တိုး လုပ်ဆောင်မှုများကို ကြံ့ကြံ့ခံနိုင်မည့် လုပ်ဆောင်မှုများကို ဟန့်တားမည့် အမျိုးသားရေး တံတိုင်းကြီးတစ်ခုအဖြစ် ရှုမြင်လာကြသည်။ ဤသည်မှာ လုံးဝပြောင်းပြန်လှန်လိုက်သည့် အမြင်မျိုးဖြစ်ပြီး လာမည့်ရွေးကောက်ပွဲ တည်ငြိမ်ရေးအပေါ်တွင်လည်း သက်ရောက်မှု ရှိလာနိုင်သည်။

စစ်အစိုးရအုပ်ချုပ်သည့် ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ထိန်းသိမ်း ခံနေရချိန် တနည်းအားဖြင့် လွှတ်တော်ပြင်ပ နိုင်ငံရေး လှုပ်ရှားနေချိန်တွင် တရုတ်အစိုးရသည် ဒီမိုကရေစီ အမှတ်လက္ခဏာအဖြစ် ကာလရှည်စွာ သတ်မှတ်ခံခဲ့ရသည့် သူမကို သံသယဖြင့်သာ ရှုမြင်ခဲ့သည်။ အကြောင်းမှာ တိဘက်ရေးရာကျွမ်းကျင်သည့် ကွယ်လွန်သူ သူမ၏ ခင်ပွန်း ဗြိတိသျှလူမျိုးနှင့် ပြည်ပရောက် တိဘက်လူမျိုးများအကြား ကောင်းမွန်သည့် ဆက်ဆံရေးရှိနေခြင်းကလည်း တစ်စိတ်တစ်ပိုင်း သက်ဆိုင်သည်။

အခြားတစ်ဖက်တွင်မူ တပ်မတော်အနေဖြင့် လက်နက်အထောက်ပံ့များရရှိရေး တရုတ်အစိုးအပေါ် မှီခိုနေရပြီး ကုလသမဂ္ဂတွင် တရုတ်၏ ထောက်ခံမှုကို ရယူနေရချိန်ဖြစ်သည်။ အထူးသဖြင့် ဆိုရလျှင် စစ်အစိုးရ၏ ပြင်းထန်သည့် နိုင်ငံရေးဖိနှိပ်မှုများကြောင့် မြန်မာနိုင်ငံအား တတ်နိုင်သည့်နည်းဖြင့် အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်ရန် အနောက်နိုင်ငံများမှ လုံခြုံရေးကောင်စီတွင် ကြိုးပမ်းနေချိန် တရုတ်နိုင်ငံမှ သံတမန်နည်းအရ ကာကွယ်ပေးခြင်းတို့ကြောင့် တရုတ်နိုင်ငံနှင့် ရင်းနှီးသည့် မဟာမိတ်နိုင်ငံအဖြစ် ရှိနေချိန်လည်းဖြစ်သည်။

ပစ္စုပ္ပန်ကာလတွင် အဆိုပါ အခြေအနေမှာ အလျင်အမြန်ပင် ပြောင်းလဲလာသည်။ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်၏ စီမံကိန်းများ၊ ရှေ့ဆက်သွားမည့် အစီအစဉ်များတွင် အရေးပါသည့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်လာပြီး တပ်မ‌တော်မှာမူ တရုတ်အစိုးရအပေါ် ပေါ်ပေါ်ထင်ထင်ဝေဖန်ပြောဆိုခြင်း မရှိသော်လည်း တရုတ်၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ခပ်ကင်းကင်းနေရန် ကြိုးပမ်းလာသည်။

ပထဝီနိုင်ငံ‌ရေးက နိုင်ငံရေးဇာတ်ညွှန်းကို ရုတ်ချည်းပြောင်းလဲပစ်လိုက်သည်။ မွတ်ဆလင်ဒုက္ခသည် အကြပ်အတည်းနှင့် ၂၀၁၇ ခုနှစ် အတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် စစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပေါ် ပြစ်တင်ရှုတ်ချရန် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆန်ခဲ့မှုတို့မှာ အနောက်နိုင်ငံများနှင့် အလွမ်းသင့်ခဲ့သော သူမအား နိုင်ငံတကာ၏ အပယ်ခံအဖြစ် ရုတ်ချည်းပြောင်းလဲသွားစေခဲ့သည်။

သူမရရှိထားသော လူ့အခွင့်အရေး ဆုများမှာလည်း တစ်ဆုပြီး တစ်ဆု ရုပ်သိမ်းခံခဲ့ရသည်။ အဆိုပါ ဆုများမှာ စစ်တပ်၏ ကြမ်းတမ်းသော အုပ်ချုပ်မှုအား ဆန့်ကျင်ပြီး ဒီမိုကရေစီအတွက် နှစ်ပေါင်း များစွာကြာအောင်အကြမ်းမဖက်ဘဲ တိုက်ပွဲဝင်ခဲ့သည့်အတွက် ချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။

အလားတူပင် မြန်မာနိုင်ငံအနေဖြင့် အနောက်နိုင်ငံများ၏ အကူအညီများမှာ ယခင်ကဲ့သို့ လွယ်ကူစွာရနိုင်ဖွယ် မရှိတော့ပေ။ အကြောင်းမှာ အနောက်နိုင်ငံများ၏ ကူညီထောက်ပံ့မှုများမှာ လူ့အခွင့်အရေး တိုးတက်မှုအခြေအနေ သို့မဟုတ် လူ့အခွင့်အရေးအား လေးစားလိုက်နာမှုတို့အပေါ် မူတည်၍ ပေးခြင်းကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ယခုနှစ် ရွေးကောက်ပွဲ မတိုင်မီ လူထုထောက်ခံမှုကို ဆက်လက်ထိန်းထားနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် အတွက် အလွန်တရာ အရေးကြီးလှသည်။

အဆိုပါ ဖိအားမှာ သူမကို တရုတ်အစိုးရနှင့် ပိုမိုနီးစပ်သွားစေပြီး တရုတ်၏ နှောင်ကြိုးမဲ့ အကူအညီများနှင့် အထောက်အပံ့များရယူရန် တွန်းပို့လျက်ရှိသည်။ အမှန်စင်စစ် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်းက သိန်းချီသော မွတ်ဆလင် ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးပြီးနောက် လအနည်းငယ်အကြာတွင် တရုတ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား ဘေကျင်းမြို့တွင် ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့သည်။

ယခုနှစ် ဇန်နဝါရီလတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ၂၀၀၁ ခုနှစ် ဒီဇင်ဘာလအတွင်း လာရောက်ခဲ့သော သမ္မတကျန်ဇီမင်းပြီးနောက် ပထမဆုံး လာရောက်ခဲ့သည့် တာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦး ဖြစ်လာခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် နှစ်နိုင်ငံသဘောတူညီချက် စုစုပေါင်း ၃၃ ခု လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အား အကောင်အထည် ဖော်ဆောင်နိုင်ပါက မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့် ယခင်ထက်ပိုမိုနီးစပ်သည့် အခြေနေမျိုး ရောက်ရှိသွားဦးမည်ဖြစ်သည်။

အဆိုပါ သဘောတူညီချက်များတွင် မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းတို့ပါဝင်ပြီး တရုတ်မှ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် အသုံးပြုခွင့်ရနိုင်ရန် ရည်ရွယ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း (China Myanmar Economic Corridor-CMEC) ဟုခေါ်ဆိုသည့် စီမံကိန်းကိုလည်း ပိုမိုအားကောင်းလာစေမည် ဖြစ်သည်။ ထိုသဘောတူညီချက်များသည် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံက တည်ထောင်သူအဖြစ် ပါဝင်ခဲ့သော တရုတ်၏ ရပ်ဝန်းနှင့်လမ်းစီမံကိန်း (Belt and Road Initiative-BRI) အတွက် အရေးပါသည့် အစိတ်အပိုင်းများ ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်မှ အခြားဘာသာများအပေါ် ခွဲခြားဆက်ဆံခြင်းမရှိကြောင်း သက်သေပြရန် ကြိုးပမ်းလျက်ရှိသည်။ (ဓာတ်ပုံ - AFP)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၁၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် သွားရောက်သည့် ခရီးစဉ်မတိုင်မီ တစ်ပတ်အလိုတွင် ဘေဂျင်းမြို့သို့ သွားရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်-မြန်မာ စစ်ဘက်ဆက်ဆံရေးသည် သက်တမ်းတစ်လျှောက် အကောင်းမွန်ဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်တွေ့တွင်မူ အဆိုပါ အခြေအနေမှာ ယခင်ကလည်း မရှိခဲ့သလို ယခုလည်း ရှိမနေကြောင်း နှစ်ဖက်လုံးက သိနားလည်ကြသည်။

မြန်မာ့တပ်မတော်သည် မိမိကိုယ်ကို တိုင်းပြည်အချုပ်အခြာအာဏာအား အဓိက ကာကွယ်နေသူ အဖြစ် အမြဲတစေ ရှုမြင်လေ့ရှိသည်။ ရန်ကုန်အခြေပြု လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူများ၏ အဆိုအရ စစ်ဗိုလ်ချုပ်များသည် တရုတ်၏ နိုင်ငံအတွင်း စီးပွားရေး လက်မြန်ခြေမြန်တိုးချဲ့လာမှုနှင့် အခြေခံအဆောက်အဦများ တိုးချဲ့တည်ဆောက်နေမှုများ အပေါ်တွင် စိုးရိမ်ပူပန်မှု ရှိနေကြကြောင်း သိရသည်။

စိုးရိမ်ပူပန်မှုသည် ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်လူမျိုးများ တားမြစ်နယ်မြေနှင့် မြန်မာနိုင်ငံအနောက်ဖက်ရှိ ရခိုင်ပြည်နယ်တို့လည်း ပါဝင်နေသည်။ ရခိုင်ပြည်နယ်တွင် ရခိုင့်တပ်တော်(AA) သည် လက်တဆုပ်စာ ပြောက်ကျားတပ်ဖွဲ့မှ အင်အားကြီးသော တိုက်ခိုက်ရေးတပ်ဖွဲ့ တစ်ခုအဖြစ် ဆယ်စုနှစ်မပြည့်မီကာလအတွင်း လျင်မြန်စွာ ကြီးထွားလာသည်။

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် ရက္ခိုင့်တပ်တော်(AA) နှစ်ခုလုံးမှာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထံမှတဆင့် တရုတ်လုပ်လက်နက်များ ရယူတပ်ဆင်နေကြသည် ဆိုသည်မှာ လျို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။ UWSA မှာ တရုတ်နှင့် ကာလရှည်နီးစပ်သည့်ဆက်ဆံရေးရှိပြီး မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံးနှင့် အကောင်းဆုံး လက်နက်တပ်ဆင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

ယခင်နှစ် နိုဝင်ဘာလတွင် တပ်မတော်သည် နိုင်ငံရှိ သူပုန်တပ်ဖွဲ့အများစု တရုတ်လက်နက်များ အဓိက ကိုင်ဆောင်သည့်အပေါ် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သိုဝှက်ထားသော တရုတ်နိုင်ငံလုပ် လက်နက်အများအပြားကို TNLA ထံမှ သိမ်းဆည်းရမိခဲ့သည်ဟု တပ်မတော်မှ ပြောကြားခဲ့ပြီး ၎င်းတို့ကို လူအများမြင်အောင် ထုတ်ပြခဲ့ကာ နိုင်ငံပိုင်ရုပ်သံတွင်လည်း ထုတ်လွှင့်ပြသခဲ့သည်။

စံချိန်တင် ဖမ်းဆီးရမိသောလက်နက်များထဲတွင် အလိုအလျောက်ချေမှုန်းရေးရိုင်ဖယ်၊ နောက်ပွင့် ရိုင်ဖယ် (Recoilless Rifles)၊ ကျည်ဆံသေတ္တာများနှင့် အာပီဂျီတို့အပြင် လေကြောင်းရန်ကာကွယ်‌ရေး ပခုံးထမ်းလက်နက် FN-6 ကဲ့သို့သော လက်နက်မျိုးပင် ပါဝင်သည်။ FN-6 ကိုင်ဆောင်ထား သော AA စစ်ဦးစီးချုပ်ဓာတ်ပုံများကို လူမှုစာမျက်နှာများတွင် မကြာသေးမီက တွေ့မြင်ခဲ့ရသည်။ အဆိုပါ လက်နက်မှာ ယခင်က ဆီးရီးယားနှင့် အီရတ် ပြည်တွင်းစစ်ပွဲများတွင်သာ မြင်တွေ့ရလေ့ရှိသည်။

တရုတ်အနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်လာလျှင် လက်နက်ကိုင်ပဋိပက္ခ ကြားဝင်ဖြေရှင်းသူ အနေဖြင့် လည်းကောင်း၊ သူပုန်အဖွဲ့များအား လက်နက်ထောက်ပံ့သူ အဖြစ်လည်းကောင်း နှစ်ဖက်လုံးမှ အကျိုးအမြတ်ရရှိရေးနည်းလမ်းဖြင့် လုပ်ဆောင်လေ့ရှိသည်။ ၎င်းမှာ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်းနှင့် ကြေးနီ၊ ရွှေ၊ ကျောက်စိမ်း၊ ပယင်းနှင့် ရှားပါး သတ္တုဒြပ်စင်များ အပါအဝင် မြန်မာနိုင်ငံ၏ ပေါကြွယ်လှသည့် သယံဇာတများ ထုတ်လုပ်သုံးစွဲခွင့်ရရှိရေးအတွက် နှစ်ပေါင်းများစွာ လုပ်‌ဆောင်လာခဲ့သော တရုတ်နိုင်ငံ၏ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ချဉ်းကပ်မှုမျိုး ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ကို နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

မြန်မာနိုင်ငံသည် တရုတ်အစိုးရ၏ ရပ်ဝန်းနှင့်လမ်း စီမံကိန်း (BRI) အတွက် အရေးအကြီးဆုံးဖြစ်သည့် ဘင်္ဂလားပင်လယ်အော်ကို အသုံးချခွင့်ရရေး ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့် ဆောင်ရွက်ခြင်းဖြင့် တောင်တရုတ်ပင်လယ်တွင် ရေနယ်နိမိတ်အငြင်းပွားမှုနှင့် ရေကြောင်းပိတ်ဆို့မှု ရှိနိုင်သည့် မလက္ကာရေလက်ကြားကို ရှောင်ကွင်းသွားလာနိုင်ရေး တရုတ်အတွက် အရေးပါလှသည့် တစ်နိုင်ငံတည်းသော ဒေသတွင်း အိမ်နီးချင်း ဖြစ်နေသည်။

သို့ရာတွင် တရုတ်အနေဖြင့် မြန်မာနိုင်ငံမှ ၎င်းတို့လိုလားချက် အလုံးစုံ မရရှိသေးပေ။ နိုင်ငံမြောက်ဖျားပိုင်းက မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအား စစ်ဗိုလ်ချုပ်ဟောင်းဖြစ်သည့် ထိုအချိန်က သမ္မတဦးသိန်းစိန်က ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ ထိုစီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းထိကို တရုတ်နိုင်ငံသို့ ပို့ဆောင် ဖြန့်ဖြူးရန် လျာထားခဲ့သည်။

ထို့ပြင် ကျောက်ဖြူဆိပ်ကမ်းစီမံကိန်းအတွက် ကနဦး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံကို တရုတ်၏ ကြွေးမြီထောင်ချောက်အပေါ် စိုးရိမ်ချက်ကြောင့် ဒေါ်လာ ၁.၃ ဘီလီယံ အထိ လျှော့ချစေခဲ့သည်။

တပ်မတော် အနေဖြင့် ယခုလို တန်ဖိုးကြီးမားသည့် စီမံကိန်းနှစ်ခုအား ဟန့်တားမည်လော ဆိုသည်မှာ လတ်တလော မရှင်းလင်းသေးပေ။ သို့ရာတွင် စစ်တပ်ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူများကမူ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ လိုက်လျောမှု၌ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ရင်းရဖွယ်ရှိမည်ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ တရုတ်နိုင်ငံနှင့် ဆက်ဆံရာ၌ ရင်းနှီးလွန်းသည်ဟု မြင်ကြသည်။

(ဓာတ်ပုံ - Twitter)

ကိုဗစ်-၁၉ အကြပ်အတည်းကြောင့် အနောက်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် ကျဆင်းသွားနိုင်မှုအပေါ် ပူပန်မှုများ မြင့်တက်လာပြီး တရုတ်နိုင်ငံ တစ်ခုတည်းကသာ ကပ်ရောဂါအတွင်း မြန်မာကို ပိုမိုအကူအညီပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ယခင်ထက် ပိုမိုတိုးမြှင့်မည့် ဆန္ဒရှိနေပုံရသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် အကူအညီပေးရန် ဆေးဘက်ဆိုင်ရာအဖွဲ့နှစ်ဖွဲ့စေလွှတ်ခြင်းနှင့် ဆေးဝါးအထောက်အကူ ပစ္စည်းများ လှူဒါန်းမှုနှင့် စပ်လျဉ်း၍ သမ္မတဦးဝင်းမြင့်နှင့် မေလ ၂၀ ရက်နေ့တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချင်းဟိုင်ကလည်း တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလဖြစ်စေကာမူ ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း မကြာသေးမီက မြန်မာတိုင်းနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

မည်သို့ပင်ဖြစ်စေ အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် ရွေးကောက်ပွဲပြုလုပ်မည့် ယခုနှစ်တွင် စစ်တပ်နှင့် ပနံသင့်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီကို ပိုမိုအကျိုးဖြစ်ထွန်းစေနိုင်သည်။ ထို့ပြင် တရုတ်၏ ဩဇာအာဏာ ပိုမိုနက်ရှိုင်းစွာ လွှမ်းမိုးလာမှုသည် ရွေးကောက်ပွဲအကြိုကာလ ပထမဆုံးအကြိမ် နိုင်ငံရေးပြဿနာတစ်ရပ် ဖြစ်လာနိုင်မည့် အလားအလာကို ပိုမိုမြင့်တက်စေတော့မည် ဖြစ်သည်။

မေမိုး
(ဆောင်းပါးရှင် Bertil Lintner ၏ China flips the electoral script in Myanmar ကို ဆီလျော်အောင် မြန်မာပြန်ဆိုသည်။)

ဗီဒီယိုများ