အာဆာခေါင်းဆောင်တစ်ဦး အူခီးယာဒုက္ခသည်စခန်းမှာ ပစ်သတ်ခံရ

ပစ်သတ်ခံရသူသည် Daktar Wakkas အမည်ခံ Nur Habib ဆိုသူဖြစ်ပြီး အာဆာအဖွဲ့၏ ထိပ်တန်း စစ်ဦးစီးချုပ်တစ်ဦး ဖြစ်သည်။

By Admin 08 Mar 2023

ဓာတ်ပုံ - Reuters
ဓာတ်ပုံ - Reuters

အာဆာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ အူခီးယာဒုက္ခသည်စခန်းတွင် မတ်လ ၇ ရက်နေ့က ပစ်သတ်ခံလိုက်ရကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာန The Daily Star သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပစ်သတ်ခံရသူသည် Daktar Wakkas အမည်ခံ Nur Habib ဆိုသူဖြစ်ပြီး အာဆာအဖွဲ့၏ ထိပ်တန်း စစ်ဦးစီးချုပ်တစ်ဦး ဖြစ်သည်။ အသက် ၄၂ နှစ်အရွယ် Daktar Wakkas သည် ဒုက္ခသည်စခန်းအတွင်း လူသတ်မှုများ အပါအဝင် ရာဇဝတ်မှု အများအပြားနှင့် ဆက်စပ်နေသူတစ်ဦးလည်း ဖြစ်သည်။ 

၎င်းကို IOM ဆေးရုံတွင် အရေးပေါ်ကုသပေးနေစဉ် သေဆုံးသွားသည်ဟု ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်ရဲတပ်ရင်း (APBn) က ပြောကြားသည်။

စခန်းတွင် သြဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်းမှု၊ အကြမ်းဖက်အုပ်စုများအကြား ကာလရှည်ကြာ ရှိနေသည့် ပဋိပက္ခများကြောင့် ယခုကဲ့သို့ လုပ်ကြံခံရခြင်းဟု ကနဦးယူဆထားကြောင်း APBn ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် လူဦးရေ တစ်သန်းကျော် နေထိုင်လျက်ရှိပြီး ၎င်းတို့အနက် ၉၀ ရာခိုင်နှုန်းခန့်သည် အလုပ်လက်မဲ့ဖြစ်ကာ ပညာလည်းမတတ်မြောက်ကြပေ။ 

စခန်းများတွင် မှုခင်းများနှင့် ဒုစရိုက်မှုများလည်း ပိုမိုမြင့်တက်လာနေပြီး ၂၀၂၂ ခုနှစ်တွင် မှတ်တမ်းတင်ထားသည့် မှုခင်းပေါင်း ၁၂၂၀ ရှိကာ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၅၃၁ ဦးရှိကြောင်း ဘင်္ဂလားဒေ့ရှ် ရဲမှတ်တမ်း အချက်အလက်များ အရသိရသည်။ ဤအရေအတွက်သည် မွတ်ဆလင်ဒုက္ခသည်များ မြန်မာနိုင်ငံမှ ထွက်ပြေးသွားသည့် ၂၀၁၇ ခုနှစ်တွင် မှတ်တမ်းတင်ထားသည့် ပမာဏထက် ၁၆ ဆ ပိုမိုမြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။ 

ဒုက္ခသည်စခန်းများအတွင်း အသတ်ခံရ၍ သေဆုံးသူအရေအတွက်သည် ၂၀၂၁ ခုနှစ်တွင် ၂၇ ဦးရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၃၁ ဦးရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ