မြန်မာနိုင်ငံမှာ မိုင်းကြောင့် သေကြေဒဏ်ရာရမှု ၂၀၂၁ ထက် ၄၀ ရာခိုင်နှုန်း မြင့်တက်

ဖြစ်စဉ်များအနက် သုံးပုံနှစ်ပုံခန့်သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် နယ်စပ်ဒေသများတွင် တွေ့ကြုံရခြင်း ဖြစ်သည်။

By Admin 23 Feb 2023

ဓာတ်ပုံ - Reuters
ဓာတ်ပုံ - Reuters

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများကြောင့် ၂၀၂၂ ခုနှစ်တွင် သေဆုံးဒဏ်ရာရသူ အရေအတွက်သည် ၂၀၂၁ ခုနှစ်ထက် ၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) က ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပြောကြားလိုက်သည်။ 

၂၀၂၂ အတွင်း သေဆုံးဒဏ်ရာရသူ အရေအတွက်သည် ၃၉၀ အထိရှိခဲ့သည်ဟု ယူနီဆက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖြစ်စဉ်များအနက် သုံးပုံနှစ်ပုံခန့်သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် နယ်စပ်ဒေသများတွင် တွေ့ကြုံရခြင်း ဖြစ်သည်။

မိုင်းနှင့် မပေါက်ကွဲဘဲ ကျန်ခဲ့သောလက်နက်ခဲယမ်းကြောင့် သေကြေဒဏ်ရာရမှုစုစုပေါင်း၏ ငါးပုံတစ်ပုံခန့်မှာ စစ်ကိုင်းတိုင်းမြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။ အဆိုပါဒေသသည် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် ဒေသခံ PDF တပ်ဖွဲ့များနှင့် လက်နက်ကိုင်တပ်များ အပြင်းထန်ဆုံး ခုခံတွန်းလှန်နေသည့် ဒေသလည်းဖြစ်သည်။

အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံ၌ လက်နက်ဒဏ်သင့်သူ ၂၅၄ ဦးရှိခဲ့ကြောင်း ယူနီဆက်၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာစစ်တပ်သည် ပြီးခဲ့သော ဆယ်စုနှစ်များစွာတည်းက ပြည်တွင်းပဋိပက္ခများတွင် ရက်စက်ကြမ်းကြုတ်မှု၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း တောက်လျှောက်ဆိုသလို စွပ်စွဲခံထားရသည်။

တပ်မတော်သည် ဒေသခံတော်လှန်ရေးသမားများကို နှိမ်နင်းချိန်၌ ဘုရားကျောင်း ပတ်ဝန်းကျင်၊ လယ်ကွင်းများအနီးတစ်ဝိုက်ရှိ လူသွားလမ်းများတွင် မြေမြုပ်မိုင်း အမြောက်အများ ထောင်ထားကြောင်း ပြီးခဲ့သည့်နှစ်က အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာအဖွဲ့ (AI) က ပြောကြားမှုများရှိခဲ့သည်။

အခြားတစ်ဘက်တွင်မူ ယူနီဆက်၏ အစီရင်ခံစာ၌ တော်လှန်ရေးသမားများ၏ လက်ချက်ဖြင့် သေဆုံးဒဏ်ရာရသည့် စစ်ကောင်စီ ရပ်ကျေးအုပ်ချုပ်ရေးဝန်ထမ်းများနှင့် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များကို ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

အာဏာသိမ်းမှုကို တော်လှန်သည့် အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ လက်ချက်ကြောင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ဇန်နဝါရီလအထိ မိမိတို့ဘက်က သေဆုံးသူအရေအတွက်သည် ၅,၀၀၀ ကျော်ရှိကြောင်း စစ်ကောင်စီဘက်က ပြောကြားထားသည်။

ဗီဒီယိုများ