- ရခိုင်အတွက် ကော်ရီဒိုဟာ ဘင်္ဂလားဒေ့ရှ်အတွက် လောင်းကြေးလား
- AA ထိန်းချုပ်နယ်မြေထဲ ငှက်ဖျားရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိလာ
- မေလအတွင်း လှေနစ်သေဆုံးသူ မွတ်ဆလင်ဒုက္ခသည် ၄၀၀ ကျော်အထိ ရှိနိုင်ကြောင်း ကုလပြော
- လေယာဉ်အန္တရာယ်ကြောင့် နေရာရွှေ့ပြောင်းနေရသည့် ကျောက်တော် စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ
- AA ၏ ရခိုင်ပြည် ပြင်ပထွက်ခွာခွင့် တားမြစ်ချက်အပေါ် အမြင် (Vox Pop)
မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများ နော်ဝေ ရပ်ဆိုင်း
နော်ဝေအစိုးရသည် မြန်မာနိုင်ငံနှင့် အစိုးရချင်းပူးပေါင်း ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံး၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
20 Feb 2021

နော်ဝေအစိုးရသည် မြန်မာနိုင်ငံနှင့် အစိုးရချင်းပူးပေါင်း ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံး၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် စစ်တပ်၏အာဏာသိမ်းမှုသည် မြန်မာနိုင်ငံအား နော်ဝေအစိုးရက ဖွံ့ဖြိုးရေးအကူအညီများ ပေးအပ်နေသည့် အခြေအနေများကို အပြောင်းအလဲ ဖြစ်စေခဲ့သည့်အတွက် နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဆောင်ရွက်နေသည့် ပညာရပ်ဆိုင်ရာဖွံ့ဖြိုးရေး အစီအစဉ်များအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာချက်၌ ထည့်သွင်းဖော်ပြထားသည်။
အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်းလိုက်သော်လည်း လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများအား ကုလသမဂ္ဂနှင့် အရပ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် ဆက်လက်ပေးအပ်သွားမည်ဟု နော်ဝေ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Dag-Inge Ulstein က ပြောကြားသည်။
နိုင်ငံတကာအသိုင်းအဝိုင်းထံမှ နိုင်ငံရေးနှင့်စီးပွားရေး အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်များက ရှင်းရှင်းလင်းလင်း ပြသထားပြီးဖြစ်သည်ဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီး Ine Eriksen Søreide က ပြောကြားသည်။
“မြန်မာနိုင်ငံအတွင်းက ကျွန်မတို့ရဲ့ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းပစ်လိုက်မှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေး မြှင့်တင်ဖို့ အားထုတ်မှုတွေ၊ လူ့အခွင့်အရေးကို အကာအကွယ်ပေးပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကိုလည်း ကျွန်မတို့ ဆက်လက်ကူညီ ထောက်ပံ့သွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီးက ဆိုသည်။
နော်ဝေသည် မြန်မာနိုင်ငံ၌ ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများ၊ ကိုဗစ်ကပ်ဘေး ကာကွယ်တိုက်ဖျက်ရေး ဆောင်ရွက်ချက်များအား နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်းများ မှတစ်ဆင့် ကူညီထောက်ပံ့လျက်ရှိသည်။
နော်ဝေအစိုးရသည် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအား နော်ဝေခရိုနာငွေ ၂၇၉ သန်း (အမေရိကန်ဒေါ်လာ ၃၃ သန်းနီးပါး) ထောက်ပံ့ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ခရိုနာ ၆၆.၅ သန်း (အမေရိကန်ဒေါ်လာ ၇.၈၅) ထောက်ပံ့ရန်လျာထားကြောင်း နော်ဝေသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။