စစ်တပ်၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးကြောင့် လူ့အခွင့်အရေးပြဿနာများ ဆက်တိုက်ဖြစ်ပေါ်နေဟု ကုလအစီရင်ခံစာက ဖော်ပြ

UNHRO ၏ အစီရင်ခံစာ၌ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် စစ်တပ်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို မှတ်တမ်းတင်ဖော်ပြထားသည်။

By Admin 04 Mar 2023

ဓာတ်ပုံ - Getty Images
ဓာတ်ပုံ - Getty Images

မြန်မာစစ်တပ်သည် သတ်ဖြတ်ခြင်း၊ တစ်ဖက်သတ် ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ အာဏာသိမ်းမှုကို ဆန့်ကျင်သူများကို အစဖျောက်ခြင်း အပါအဝင် အကြမ်းဖက်မှုများ ဆက်တိုက် ကျူးလွန်ပြီး လူ့အခွင့်အရေး ပြဿနာများ ဖန်တီးလျက်ရှိသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံး (UNHRO) က မတ်လ ၃ ရက်နေ့ ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

UNHRO ၏ အစီရင်ခံစာ၌ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် စစ်တပ်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို မှတ်တမ်းတင်ဖော်ပြထားသည်။

စစ်တပ်သည် ၎င်း၏ ဖြတ်လေးဖြတ်မူဝါဒကို ကျင့်သုံးကာ မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများ၊ ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ရွာသားများထွက်ပြေးရအောင် ဖန်တီးခြင်းများပြုလုပ်ကာ စစ်တပ်ကို တော်လှန်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းများကို စားနပ်ရိက္ခာနှင့် သတင်းအချက်အလက်များ မရအောင် လုပ်ဆောင်နေသည်ဟု UNHRO ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာစစ်တပ်က အသုံးများသော နည်းလမ်းများအနက် တစ်ခုမှာ ကျေးရွာများနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ စစ်တပ်သည် ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း ကချင်နှင့် ရခိုင်တို့အပါအဝင် မြန်မာနိုင်ငံတစ်ဝန်း၌ ဤနည်းလမ်းကို ကျင့်သုံးခဲ့သည်။ ၂၀၂၂ ဖေဖော်ဝါရီလနောက်ပိုင်း စစ်ဆင်ရေးများအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  မီးရှို့ခံရ သို့မဟုတ် ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်သည် ၃၉၀၀၀ နီးပါးရှိကာ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အဆပေါင်း ၁၀၀၀ ခန့်အထိ ပိုများလာခြင်း ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။ စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပြီး နေအိမ် ၂၅၅၀၀ ခန့် ဖျက်ဆီးခံခဲ့သည်ဟု ကုလအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယမန်နှစ် စက်တင်ဘာလ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုများအတွင်း မြန်မာစစ်တပ်သည် ဒီပဲယင်းမြို့နယ် လက်ယာကုန်း ကျေးရွာတွင် စာသင်းကျောင်းကို ရဟတ်ယာဉ်လေးစီးပေါ်မှ ပစ်ခတ်ခဲ့သည့်အတွက် ကလေးငယ် အနည်းဆုံး ခြောက်ဦးသေဆုံးကာ ကိုးဦး ဒဏ်ရာရရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြချက်အရသိရသည်။ ထို့နောက်တွင် စစ်သား ၆၀ ခန့်ကို ရဟတ်ယာဉ်ပေါ်မှ ချပေးခဲ့ပြီး ၎င်းတို့က ကျေးရွာကို ဝင်စီးကာ ကျောင်းဝန်ထမ်းတစ်ဦးနှင့် ရွာသားငါးဦးကို သတ်ဖြတ်ခဲ့ပြီး ဒဏ်ရာရနေသည့် ကလေးများနှင့် ဆရာများကိုလည်း ဖမ်းဆီးသွားသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာနိုင်ငံဧရိယာ၏ ၇၇ ရာခိုင်နှုန်းခန့်တွင် လက်နက်ကိုင် တိုက်ပွဲများ ပေါ်ပေါက်လျက်ရှိကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးရုံးအဖွဲ့ အကြီးအကဲ James Rodehaver က ပြောကြားသည်။

“မြန်မာနိုင်ငံတစ်ဝန်း ဒီလောက်အထိ ကျယ်ပြန့်တဲ့ ပဋိပက္ခမျိုး မကြုံဖူးသေးပါဘူး” ဟုလည်း ဂျီနီဗာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သူက ပြောကြားသည်။

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်နှင့် ၎င်းနှင့်ဆက်နွယ်နေသူများ၏ လက်ချက်ဖြင့် သေဆုံးကြောင်း အတည်ပြုထားသူအနည်းဆုံး ၂၉၄၀ ဦးရှိပြီး ဖမ်းဆီးခံရသူ ၁၇၅၇၂ ဦးရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ တစ်နိုင်ငံလုံးရှိမြို့နယ် ၃၃၀ ၏ ၈၀ ရာခိုင်နှုန်း နီးပါးမှာလည်း လက်နက်ကိုင်ပဋိပက္ခဒဏ်ကို ခံစားနေရသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

“ယခုအကျပ်အတည်းကို အဆုံးသတ်စေမည့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရေးအတွက် မြန်မာစစ်တပ်၏ စစ်ဆင်ရေးများကို ရပ်ဆိုင်းရမည်” ဟု မတ်လ ၃ ရက်နေ့ ထုတ်ပြန်သည့် UNHRO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဗီဒီယိုများ