မြန်မာ့ဒီမိုကရေစီတိုက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကဏ္ဍ ပြီးဆုံးသွားပြီ

ပြီးခဲ့သောရက်ပိုင်းကပဲ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဆူပူအောင်လှုံ့ဆော်မှုနှင့် ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့လေသည်။ ၎င်းအပြင် နောက်ထပ်အမှု ၉ မှု သူမရင်ဆိုင်နေရသေးသည်။ သူမကိုစွဲဆိုထားသောအမှုများအားလုံးမှ ကွင်းလုံးကျွတ်လွတ်နိုင်ခဲ့မည်ဆိုလျှင်တောင် မြန်မာစစ်အုပ်စုဘက်ကမူ အမှုတစ်ခုမဟုတ်လျှင် နောက်ထပ် အမှုတခုခုဖြင့် တရားစွဲကြလိမ့်မည်ကတော့ အမှန်တရားဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးသက်ဆိုးရှည်နေသရွှေ့ သူမဘဝ၏ လက်ကျန်အချိန်များကို ထောင်ထဲမှာပင်ကုန်ဆုံးရပေလိမ့်မည်။

By ကြည်ဖြူစံ 11 Dec 2021

ပြီးခဲ့သောရက်ပိုင်းကပဲ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဆူပူအောင်လှုံ့ဆော်မှုနှင့် ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့လေသည်။ ၎င်းအပြင် နောက်ထပ်အမှု ၉ မှု သူမရင်ဆိုင်နေရသေးသည်။ သူမကိုစွဲဆိုထားသောအမှုများအားလုံးမှ ကွင်းလုံးကျွတ်လွတ်နိုင်ခဲ့မည်ဆိုလျှင်တောင် မြန်မာစစ်အုပ်စုဘက်ကမူ အမှုတစ်ခုမဟုတ်လျှင် နောက်ထပ် အမှုတခုခုဖြင့် တရားစွဲကြလိမ့်မည်ကတော့ အမှန်တရားဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးသက်ဆိုးရှည်နေသရွှေ့ သူမဘဝ၏ လက်ကျန်အချိန်များကို ထောင်ထဲမှာပင်ကုန်ဆုံးရပေလိမ့်မည်။

ပြီးခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် သူမသည် ဒုတိယအကြိမ် အောင်နိုင်သူတစ်ယောက်အဖြစ် ပေါ်ထွက်လာခဲ့သည်။ သူမ၏ အောင်မြင်ကျော်ကြားမှုက စစ်တပ်အတွက် ခြိမ်းခြောက်မှုတရပ်ဖြစ်လာခဲ့ပြီး ဒီမိုကရေစီကိုအရှိန်အဟုန်မြှင့် ဖော်ဆောင်မှာစိုးရိမ်သည့်အတွက် မြန်မာစစ်တပ်က ဖေဖော်ဝါရီတွင် သူမဦးဆောင်သောအစိုးရကို ဖြုတ်ချလိုက်သည်။ ပြီးခဲ့သော တစ်နှစ်တာနီးပါးကာလလုံး ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ မြန်မာစစ်တပ်၏အုပ်ချုပ်မှုကို လူထုကပြင်းပြင်းထန်ထန်ဆန့်ကျင်နေသလို အရပ်သားဒီမိုကရေစီ လိုလားသူများကိုလည်း မြန်မာစစ်တပ်က အကြမ်းဖက်ဖြိုခွဲလျက်ရှိသည်။

ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီမျက်နှာစာအဖြစ် ကျန်ရှိနေပါသည်။ သို့သော်လည်း သူမအမိမြေ၏ ဒီမိုကရေစီဇာတ်လမ်းမှာတော့ သူမ၏ထိထိရောက်ရောက်ပါဝင်နိုင်စွမ်းက ပြီးဆုံးသွားခဲ့ပြီဖြစ်သလို သူမ၏အမွေအနှစ်များသည်လည်း ပြိုပျက်သွားခဲ့ရပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ဒီမိုကရေစီတိုက်ပွဲက သူမမပါဘဲ ဆက်လက်ချီတက်နေဆဲဖြစ်သည်။ သေချာသည်ကတော့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများကြားတွင် သူမရပ်တည်မှုက ကြီးမြတ်နေဆဲသာ ဖြစ်သည်။ သူမသည် ဒီမိုကရေစီလိုလားသော ညွှန့်ပေါင်းအဖွဲ့၏ မရှိမဖြစ်အစိတ်အပိုင်းတစ်ခု မဟုတ်သော်ငြား ဒီမိုကရေစီလှုပ်ရှားမှုတိုင်းက သူမအရှိန်အဝါကို ကြီးထွားစေသည်ဟု ထင်ရသည်။

ပြီးခဲ့သောဧပြီလတွင် ဒီမိုကရေစီလိုလားသော အင်အားစုများက စစ်အုပ်စုကိုဆန့်ကျင်ပြီး NUG ကိုဖွဲ့စည်းကြောင်းကြေညာခဲ့သည်။ အဆိုပါအဖွဲ့အစည်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ထိပ်ဆုံးပိုင်းခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကေဒါငယ်များအပေါ် မှီခိုနေတော့မည်မဟုတ်ပေ။ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်၏ဖိနှိပ်မှုကို အရပ်သားများက အနယ်နယ်အရပ်ရပ်မှာ တွန်းလှန်နေကြသည်။ ဗမာမဟုတ်သော လူနည်းစုတိုင်းရင်းသားများသည်လည်း ဤဒီမိုကရေစီလှုပ်ရှားမှု တိုက်ပွဲသစ်တွင် တန်းတူညီမျှပါဝင်နေကြသည်။

တကယ်တမ်းတော့ တိုင်းရင်းသားလူနည်းစုဒေသများသည် ၎င်းတို့နယ်မြေများတွင် နှစ်ကာလများစွာ ဗိုလ်ကျစိုးမိုးလာသော မြန်မာစစ်တပ်ကို နှစ်ပေါင်းများစွာ ခုခံတွန်းလှန်လာခဲ့သော အတွေ့အကြုံရှိပြီးဖြစ်သောကြောင့် ၎င်းက အားသာချက်ဖြစ်ပေလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်ပါတီသည် ပိုမိုကျယ်ပြန့်သောလှုပ်ရှားမှုများအတွက် ချိတ်ဆက်မှုတခုအဖြစ် ရှိနေသေးသည်။ သို့သော် လူငယ်များရဲ့အသံက ရှေ့ကိုရောက်လာသောကြောင့် NLD သည်ပင် ပြောင်းလဲစပြုနေပြီဖြစ်သည်။

မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွင် အထင်ရှားဆုံး အပြောင်းအလဲက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြရန် မွတ်ဆလင်များအားဖိတ်ခေါ်ချက် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှုသည် ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင် အထင်ရှားဆုံးဖြစ်ရပ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်သည် စစ်တပ်ကအကြမ်းဖက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ကျူးလွန်နေစဉ်အတွင်း သူမနိုင်ငံရှိ လူမျိုးစုတစ်စုအတွက် ခုခံကာကွယ်ပေးဖို့ပျက်ကွက်ခဲ့သည်။ ယင်းအစား မွတ်ဆလင် ၇ သိန်းခွဲ ၎င်းတို့အမိမြေမှ မောင်းထုတ်ခံနေရချိန်တွင်ပင် စစ်တပ်ကိုထောက်ခံကြောင်း သူမကထုတ်ဖော်ပြသခဲ့သည်။ နိုင်ငံတကာမီဒီယာများတွင်လည်း မြန်မာစစ်တပ်၏လုပ်ရပ်ကို အမြဲတစေကာကွယ်ပေးခဲ့သည်။ အထူးသဖြင့် သည်ဟိဂ်မြို့ရှိ ICJ တွင် မြန်မာနိုင်ငံကို စွဲဆိုထားသော လူမျိုးတုံးသတ်ဖြတ်မှုတွင် စစ်တပ်၏လုပ်ရပ်များကိုပင် အပြင်းအထန်ကာကွယ်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အမာခံတချို့သည် အဆိုပါ လူမျိုးတုံးသတ်ဖြတ်မှုများအတွက် ကိုယ်ကျင့်တရားအရ ပါဝင်ပတ်သက်မှုရှိနေပါသည်။ NLD ရှေးရိုးစွဲများက NUG ကြေညာချက်တွင်ပါဝင်သော ဒီမိုကရေစီတိုက်ပွဲတွင် မွတ်ဆလင်များအား ထည့်သွင်းမှုကိုပင် ကန့်ကွက်ခဲ့ကြသည်။

ဇွန်လတွင်တော့ NUG သည် အတိတ်နှင့် ပြတ်ပြတ်သားသား လမ်းခွဲခဲ့တော့သည်။ ဗမာလူမျိုးကြီးဝါဒနှင့် အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာလွှမ်းမိုးကြီးစိုးမှု မဟုတ်သော မြန်မာနိုင်ငံဒီမိုကရေစီ အနာဂတ်ကို NUG ကကြေညာခဲ့သည်။ သမိုင်းကြောင်းအရ အဆိုးဆုံးနှင့် အပယ်ခံလူနည်းစုများပင် NUG ကြေညာချက်ထဲ အကျုံးဝင်ပါဝင်သည်။ ၎င်းသည် NLD ကစီမံအုပ်ချုပ်ခဲ့သော ဒီမိုကရေစီမျှော်မှန်းချက်များနှင့် မတူညီဘဲ နိုင်ငံတစ်ဝန်းမဲဆန္ဒနယ်ပေါင်းစုံမှ မျိုးဆက်သစ်ခေါင်းဆောင်များကို တွန်းအားပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရလျှင် တိုင်းပြည်အတွက် မျိုးဆက်သစ်များ ရှိလာလိမ့်မည်။ သူတို့အောင်မြင်ခဲ့ပါက မြန်မာ့ဒီမိုကရေစီသမိုင်းတွင် ခေတ်သစ်ဗိသုကာရှင်များအဖြစ် နာမည် တွင်ကျန်ရစ်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရာထူးသက်တမ်းကတော့ အတိုချုံးပြောရလျှင် စစ်အာဏာရှင်များနှင့် ပူးပေါင်းခဲ့ပြီး မအောင်မြင်သော စမ်းသပ်ချက်တခု၏သမိုင်းအဖြစ် တိတ်တဆိတ် ကွယ်ပျောက်သွားပေလိမ့်မည်။

ကြည်ဖြူစံ
THE WASHINGTON POST တွင် အဇင်းမ်အီဗရာဟင်ရေးသားသော Aung San Suu Kyi's part in the struggle for democracy is over ကို ဆီလျော်အောင်ရေးသားပါသည်။

ဗီဒီယိုများ