ရခိုင်တွင် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုထက် ယခုတတိယလှိုင်းတွင် သေဆုံးသူ ၃ ဆခန့်ရှိလာ

ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုအတွင်း သေဆုံးသူဦးရေထက် ယခုကိုဗစ်တတိယလှိုင်းတွင် သေဆုံးသူဦးရေမှာ သုံးဆခန့်ပိုမိုများပြားလာနေကြောင်း ဇူလိုင် ၂၅ ရက်နေ့အထိ ကိုဗစ်ရောဂါဖြစ်ပွားမှုအခြေအနေ အချက်အလက်များအရ သိရသည်။

26 Jul 2021

DMG ၊ ဇူလိုင် ၂၆

ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုအတွင်း သေဆုံးသူဦးရေထက် ယခုကိုဗစ်တတိယလှိုင်းတွင် သေဆုံးသူဦးရေမှာ သုံးဆခန့်ပိုမိုများပြားလာနေကြောင်း ဇူလိုင် ၂၅ ရက်နေ့အထိ ကိုဗစ်ရောဂါဖြစ်ပွားမှုအခြေအနေ အချက်အလက်များအရ သိရသည်။

ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုတွင် ရခိုင်၌ သေဆုံးသူ ၃၇ ဦးရှိခဲ့ပြီး ယခုတတိယလှိုင်းတွင် သေဆုံးသူဦးရေမှာ ဇူလိုင်လ ၂၅ ရက်နေ့အထိ ၁၀၄ ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ကောင်စီ၏စာရင်းအရ သိရသည်။

ပြည်နယ်ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က "အခုလက်ရှိအခြေနေက အရင်လှိုင်းတွေထက် သေဆုံးသူတွေများလာတဲ့အတွက် ပြည်သူတွေကို ကိုဗစ်စည်းကမ်းအတိုင်းလိုက်နာစေချင်တယ်။ နောက်ပြီးတော့ အတတ်နိုင်ဆုံး Stay at home နေစေချင်တယ်။ ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားချက်အတိုင်း လိုက်နာစေချင်တယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုတွင် ဇူလိုင်လ ၂၅ ရက်အထိ ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာ စစ်တွေတွင် (၂၆)ဦး၊ မြောက်ဦးတွင် (၃)ဦး၊ ကျောက်တော် (၁)ဦး ၊ မင်းပြား (၁)ဦး၊ မာန်အောင် (၄)ဦး၊ အမ်း (၁)ဦး၊ ပုဏ္ဏားကျွန်း (၁)ဦး၊ ပေါက်တော (၁)ဦး၊ ကျောက်ဖြူတွင် (၈)ဦး၊ သံတွဲတွင် (၁၄)ဦး၊ တောင်ကုတ်တွင် (၃၄)ဦး၊ ဂွတွင် (၁)ဦး၊ မောင်တောတွင် (၇)ဦးနှင့် ရသေ့တောင်တွင် (၁)ဦးနှင့် ဘူးသီးတောင် (၁)ဦးတို့ဖြစ်ကြောင်း သိရသည်။

ရခိုင်တစ်ပြည်လုံးတွင် ကိုဗစ်ကူးစက်မှုကိုထိန်းချုပ်နိုင်ရေးအတွက် မိမိနေအိမ်တွင်နေထိုင်ကြရန် Stay at Home ကာလကို ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ နှစ်ပတ်ကြာသတ်မှတ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ဇူလိုင် ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။

ယင်းသို့ ULA မှ ထုတ်ပြန်ထားသည့် ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များကို ရခိုင်ပြည်သူ ၇၅ ရာခိုင်နှုန်းခန့် လိုက်နာမှု ရှိသော်လည်း စစ်တွေအပါအဝင် တချို့မြို့များတွင် အရက်ဆိုင်များပုံမှန်ဖွင့်လှစ်ကာ သောက်စားမှုများရှိနေသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဇူလိုင် ၂၅ ရက်နေ့တွင် ရခိုင်ပြည်သူများသို့ပြောကြားသည့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

"ဒါဟာ လုံးဝမဖြစ်သင့်တဲ့ အခြေအနေတစ်ခုပါ။ ဒီလို ကူးစက်ရောဂါကာလမှာ ကိုယ့်အသက်အန္တရာယ်ကို မနှမြောရင်တောင် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစု၊ ကိုယ့်မြို့ရွာတွေကို ကာကွယ်ဖို့အတွက် လူတိုင်းမှာတာဝန်ရှိပါတယ်" ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားခဲ့သည်။

ကိုဗစ်ကာလတွင် ရခိုင်ပြည်သူများ ကိုဗစ်စည်းမျည်းစည်းကမ်းများကို သေချာလိုက်နာကြရန်၊ ULA မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန်နှင့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများ အချင်းချင်းနားလည်မှုရှိကြပြီး အပြန်အလှန် စာနာမှုထားကြရန် စသည့်အကြောင်းအရာများကိုလည်း မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင်လ ၂၅ ရက်နေ့အထိ COVID-19 ရောဂါပိုးကူးစက်ခံရသူ ၂၂၃၆ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၁၀၀၀ ဦးနှင့် သေဆုံးသူ ၁၀၄ ဦးအထိရှိလာနေသည်။

ဗီဒီယိုများ