ပလက်ဝမြို့တွင် ဒေသခံနှစ်ဦး ဖမ်းဆီးခံရ

ဖမ်းဆီးခံရသူနှစ်ဦးမှာ ဦးကျော်မင်းအောင် (၃၂)နှင့် ဦးဌေးလွင် (၃၃)နှစ်တို့ဖြစ်ကြပြီး အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရေတင်းခွန်ကျေးရွာမှ ပလက်ဝသို့ ကုန်ပစ္စည်းသယ်လာစဉ် လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပလက်ဝဒေသခံ ဦးအောင်အောင်ကပြောသည်။

By မျိုးသီရိကျော် 19 Oct 2020

Photo - CHIN IDP Support Committee

မျိုးသီရိကျော် | DMG
အောက်တိုဘာ ၁၉ ၊ စစ်တွေ

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ပလုပ်တောင်ရပ်ကွက်မှ အမျိုးသားနှစ်ဦးကို တပ်မတော်သားများမှ ဖမ်းဆီးသွား ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ ဦးကျော်မင်းအောင် (၃၂)နှင့် ဦးဌေးလွင် (၃၃)နှစ်တို့ဖြစ်ကြပြီး အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရေတင်းခွန်ကျေးရွာမှ ပလက်ဝသို့ ကုန်ပစ္စည်းသယ်လာစဉ် လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပလက်ဝဒေသခံ ဦးအောင်အောင်ကပြောသည်။

“စားဝတ်နေရေးအဆင်မပြေတဲ့အတွက် ရေတင်းခွန်ကိုကုန်ပစ္စည်းသယ်ဖို့သွားကြတာပါ။ အဲကပစ္စည်းတွေ သယ်လာတဲ့လမ်းမှာ တပ်မတော်သားတွေက ဖမ်းဆီးလိုက်တာပါ။ အခုတော့ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေသူများဖြစ်ပြီး လက်ရှိတွင် ၎င်းတို့နှစ်ဦးကို ပလက်ဝ ရဲစခန်းသို့ လွှဲပြောင်းထားသည်ဆိုသော်လည်း မိသားစုဝင်များ တွေ့ခွင့်မရသေးကြောင်း ဖမ်းဆီးခံရသူ ဦးကျော်မင်းအောင်၏ ဇနီး ဒေါ်မြရီသန်းကပြောသည်။

“မနက်က ထမင်းသွားပို့ဖို့ရဲစခန်းကိုသွားခဲ့ပါတယ်။ ကျမယောကျ်ားနဲ့လည်းတွေ့ခွင့်မရခဲ့ဘူး။ တွေ့လို့မရဘူးလို့ ရဲသားတွေကပြောပါတယ်။ အဲဒါကြောင့် ကျမယောကျ်ား တခုခုဖြစ်နေမလားဆိုပြီးတော့ စိတ်ပူတယ်။ အပြစ် မရှိတဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်။ အရက်ဆီသိန်း ၃၀ ကျော်ဖို့ပစ္စည်းတွေကိုလည်း တပ်က သိမ်းထားလိုက်တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါလမ်းတွင်သွားလာမည်ဆိုပါက တပ်ရင်း ၂၈၉ တွင် ခွင့်ပြုစာတင်ရကြောင်း၊ ယင်းသို့ခွင့်ပြုစာတင်ပြန် ငွေကြေးအခက်အခဲရှိသဖြင့် စာမတင်ဘဲသွားခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေါ်မြရီသန်းက ဆက်ပြောသည်။

ထိုသို့ ဖမ်းဆီးခံရသူနှစ်ဦးကို ပလက်ဝရဲစခန်းတွင် ယာယီထိန်းသိမ်းထားခဲ့ခြင်းသာဖြစ်ပြီး လက်ရှိမှာ တပ်မတော်သားအချို့မှ ဖမ်းဆီးထားသူနှစ်ဦးကို ပြန်လည်ခေါ်ဆောင်သွားပြီဖြစ်ကြောင်း ပလက်ဝမြို့နယ် ရဲခစန်းမှ စခန်းမှူး ဒုရဲမှူးဝင်းလွင်က ပြောသည်။

“တပ်က ခဏလာအပ်ထားတာပါ။ အခုပြန်ခေါ်သွားပြီ။ ဖမ်းဆီးခံရတဲ့လူနှစ်ယောက်က အရက်ဆီတွေ သယ်လာ ကြတယ်။ လမ်းမှာတွေ့လို့ သူတို့ကိုခေါ်သွားတာပါ။ ဖမ်းဆီးထားတဲ့သူနှစ်ယောက်ကို အမှုဖွင့် တရားစွဲတာတော့ မရှိသေးပါဘူး” ဟု ၎င်းကဆိုသည်။

အောက်တိုဘာ ၁၃ ရက်နေ့ကလည်း ပလက်ဝမြို့နယ် ရေတံခွန်ကျေးရွာဖက်သို့ ကုန်ပစ္စည်းအငှားပို့ဆောင်သူ ၄ ဦးဖမ်းဆီးခံရပြီး ၁၄ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ထို့ပြင် စက်တင်ဘာလအတွင်းက ကျောက်တော်မြို့နယ်ဘက်သို့ ကုန်ပစ္စည်းအငှားသယ်ယူပို့ဆောင်သူ ၄၁ ဦးအား တပ်မတော်ကဖမ်းဆီးကာ တပ်ရင်း(၂၈၉)သို့ခေါ်ဆောင်းသွားပြီး တစ်ရက်ခန့်ကြာစစ်ဆေးခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးခဲ့သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ပလက်ဝမြို့နယ်တွင် ဒေသခံများမှ စားဝတ်နေရေးအခက်အခဲကြောင့် ကုန်ပစ္စည်းအငှားထမ်းရန်သွားစဉ် မကြာခဏဖမ်းဆီးစစ်ဆေးခံရမှုများ ရှိနေသည်။

ဗီဒီယိုများ