သံတွဲတွင် ကိုဗစ်အတည်ပြုလူနာ ၂ ဦး ထပ်မံသေဆုံး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ကိုဗစ်အတည်ပြုလူနာ ၂ ဦးမှာ ယနေ့(စက်တင်ဘာ ၁၇ ရက်)တွင် သေဆုံးသွားခဲ့ကြောင်း သံတွဲခရိုင်ဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်းက DMG သို့ ပြောသည်။

17 Sep 2021

DMG ၊ စက်တင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ကိုဗစ်အတည်ပြုလူနာ ၂ ဦးမှာ ယနေ့(စက်တင်ဘာ ၁၇ ရက်)တွင် သေဆုံးသွားခဲ့ကြောင်း သံတွဲခရိုင်ဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်းက DMG သို့ ပြောသည်။

သေဆုံးသူ ၂ ဦးမှာ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

“ကျားတစ်ဦး၊ မတစ်ဦး ထပ်မံသေဆုံးပါတယ်။ သေဆုံးသူတွေက အသက်ကြီးပိုင်းတွေဖြစ်တယ်” ဟု ဒေါက်တာရဲဝင်းထွန်းက ဆိုသည်။

သံတွဲမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာ စုစုပေါင်း ၃၈ ဦးထိရှိပြီး လက်ရှိ ဆေးကုသခံယူနေရသည့် ကိုဗစ်အတည်ပြုလူနာ ၂၃ ဦးရှိကြောင်း သိရသည်။

လက်ရှိသံတွဲမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်လျော့ကျလာသော်လည်း ကျေးရွာများတွင် ကိုဗစ်လူနာများ ရှိလာသည့်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်ကာကွယ်ရေးကို ဂရုစိုက်ရန်လိုကြောင်း ကိုဗစ်ကာကွယ်ရေး လုပ်ငန်းတွင်ပါဝင်ဆောင်ရွက်နေသည့် ကိုထွန်းသန့်ကျော်ကပြောသည်။

“မြို့ပေါ်မှာက အစိုးရအနေနဲ့ စနစ်တကျလုပ်ဆောင်နေတော့ ကိုဗစ်ကလျော့ကျသွားပြီဖြစ်ပေမဲ့ အခုကိုဗစ်က နယ်ကရွာတွေဖက်မှာ ဖြစ်နေတာရှိတယ်။ အဲဒါကြောင့် နယ်ကလူတွေ သေချာစနစ်တကျလိုက်နာဖို့ တိုက်တွန်းချင်တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာ ၄၆၃၄ ဦးရှိပြီး ယင်းအထဲမှ သေဆုံးသူ ၄၃၅ ဦးရှိကာ လက်ရှိဆေးကုသမှုခံယူနေသူ ၂၂၄ ဦးရှိကြောင်း ရခိုင်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ စက်တင်ဘာလ ၁၅ ရက်နေ့အထိစာရင်းအရ သိရသည်။

ဗီဒီယိုများ