နီပွန်ဖောင်ဒေးရှင်းမှ ရခိုင်ရှိ စာသင်ကျောင်းများဆောက်လုပ်ရန်နှင့် ဒုက္ခသည်စခန်းများအတွက် ဒေါ်လာ ၈ ဒသမ ၅ သန်း ထောက်ပံ့ရန်လျာထားကြောင်းပြော

ရခိုင်ပြည်နယ်အတွင်းမှ အာဟာရဓာတ်ချို့တဲ့နေသည့် စစ်ဘေးရှောင်ဒုက္ခသည်များနှင့် မွတ်ဆလင် ဒုက္ခသည်များအတွက် ဒေါ်လာ ၈ ဒဿမ ၅ သန်းထောက်ပံ့ပေးသွားရန်လျာထားကြောင်း ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါက ပြောသည်။

14 Nov 2021

DMG ၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်အတွင်းမှ အာဟာရဓာတ်ချို့တဲ့နေသည့် စစ်ဘေးရှောင်ဒုက္ခသည်များနှင့် မွတ်ဆလင် ဒုက္ခသည်များအတွက် ဒေါ်လာ ၈ ဒဿမ ၅ သန်းထောက်ပံ့ပေးသွားရန်လျာထားကြောင်း ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါက ပြောသည်။

စစ်တွေမြို့မှ စစ်ဘေးရှောင်းစခန်းများနှင့် IDP မွတ်ဆလင်ကယ်ဆယ်ရေးစခန်းများကို ယနေ့သွားရောက် လေ့လာခဲ့ရာတွင် အဆိုပါဒုက္ခသည်များမှာ အာဟာရဓာတ်များစွာလိုအပ်လျက်ရှိသည့် အနေအထားကို တွေ့မြင်ခဲ့ရကြောင်း မစ္စတာ ဆာဆာကာဝါကပြောသည်။

“IDP မှာရှိတဲ့ တိုက်ပွဲရှောင်ပြည်သူတွေဟာ အာဟာရဓာတ်အင်မတန်လိုအပ်လျက်ရှိတဲ့ အနေအထားမှာ ရှိတယ်ဆိုတာကို တွေ့မြင်ခဲ့ရတဲ့အတွက်ကြောင့် IDP အတွက် ပံ့ပိုးမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။ ပံ့ပိုးမှုတွေ လုပ်တဲ့အခါမှာ အာဟာရဓာတ်အတွက်ပံ့ပိုးမှုအပြင် သူတို့ရဲ့မူလရွာတွေကို ပြန်သွားနိုင်တဲ့အနေအထား ရောက်အောင် တက်နိုင်တဲ့ဘက်က ကူညီပံ့ပိုးသွားမှာဖြစ်ပါတယ်”ဟု သတင်းမီဒီယာများကိုပြောသည်။

ဒုက္ခသည်စခန်းများတွင် ခြောက်နှစ်အရွယ်ကလေးငယ်များ များစွာနေထိုင်လျက်ရှိသည်ကို တွေ့မြင်ခဲ့ရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရပြီး နီပွန်ဖောင်ဒေးရှင်းအနေဖြင့် အတက်နိုင်ဆုံး ပံ့ပိုးပေးသွားမည်ဟုဆုံးဖြတ်ထားကြောင်းလည်း မစ္စတာဆာဆာကာဝါက ဆိုသည်။

လက်ရှိကူညီထောက်ပံ့ရန်လျာထားသည့် ဒေါ်လာ ၈ ဒဿမ ၅ သန်းအထဲတွင် မူလတန်း၊ အလယ်တန်း စာသင်ကျောင်းများဆောက်လုပ်ရန်အတွက် ကူညီပေးသွားမည်ဖြစ်ကြောင်း နီပွန်ဖောင်ဒေးရှင်းမှ သိရသည်။ နီပွန်ဖောင်ဒေးရှင်းအနေဖြင့် ယခင်ကလည်း ရခိုင်ပြည်နယ်တွင် မူလတန်းကျောင်းစုစုပေါင်း ၁၄၀ ကျော်ကို ဆောက်လုပ်ပေးခဲ့ကြောင်း အဆိုပါဖောင်ဒေးရှင်းမှ သိရသည်။

စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မည့်အစီအစဉ်မှာ ကောင်းမွန်သော်လည်း စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မည့်အဖွဲ့အစည်းများကို လွတ်လပ်စွာဖြင့်ထောက်ပံ့ပေးနိုင်အောင် ဆောင်ရွက်ပေးသင့်ကြောင်း ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ဦးစိန်ရွှေဘုကပြောသည်။

“စစ်ဘေးရှောင်တွေကို ကူညီမယ့်အဖွဲ့တွေကို လွတ်လပ်စွာနဲ့ ထောက်ပံ့ပေးခွင့်ပြုဖို့လိုတယ်။ စစ်ဘေးရှောင်တွေမှာ ကျန်းမာရေး၊ နေထိုင်ရေးတွေမှာ အခက်အခဲတွေရှိနေတဲ့အတွက် အမြန်ဆုံး အကူအညီတွေ ထောက်ပံ့ပေးစေချင်ပါတယ်”ဟု DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်သို့ ဒုတိယအကြိမ်ရောက်ရှိလာသော နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါသည် ရခိုင်ပြည်နယ်အတွင်းမှ ကျန်းမာရေး၊ ပညာရေးကိစ္စများကို ဆောင်ရွက်ပေးသွားမည်ဟု ဂတိဂဝတ်များ ပေးခဲ့သည့်အတွက် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဦးလှစောကပြောသည်။

“ကျန်းမာရေးအခြေအနေတွေ၊ ပညာရေးအခြေအနေအတွက် ကျောင်းကိစ္စတွေ၊ အာဟာရချို့တဲ့သူတွေ အတွက် ဂတိဂဝတ်တွေကို သူ(မစ္စတာဆာဆာကာဝါ)က ပေးသွားတယ်။ မျှော်လင့်ချက်တွေတော့ ပေးသွားတယ်။ အဲဒီမျှော်လင့်ချက်ပေးသွားတဲ့ ဂတိဂဝတ်တွေဟာ လက်တွေ့အကောင်အထည်ဖော်မလား၊ မဖော်ဘူးလား။ ပြည်သူတွေတကယ်ခံစားရမလား၊ မခံစားရဘူးလားဆိုတာကိုစောင့်ကြည့်ရမယ်”ဟု ၎င်းကပြောသည်။

ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၏ ရခိုင်ပြည် တစ်နေ့တာခရီးစဉ်တွင် စစ်တွေမြို့မှ IDP ဒုက္ခသည်ကယ်ဆယ်ရေးစခန်းများကို သွားရောက်လေ့လာခဲ့ပြီးနောက် ပြည်နယ်ကောင်စီဧည့်ဂေဟာတွင် ရခိုင်အမျိုးသားပါတီ(ANP)နှင့် တွေ့ဆုံခဲ့သည်။

ယင်းအပြင် မြန်မာတစ်နိုင်ငံလုံးကိုလည်း ကိုဗစ်ကာကွယ်ဆေးအတွက် ဒေါ်လာသုံးသန်းလှူဒါန်းသွားမည် ဖြစ်ကြောင်း နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါက သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများရပ်တန့်ရန် အဓိကကြားဝင် ညှိ နှိုင်းပေးခဲ့သည့် မစ္စတာဆာဆာကာဝါသည် ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်တွေမြို့သို့ ဒုတိယအကြိမ် အဖြစ်ရောက်ရှိလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း မစ္စတာဆာဆာကာဝါသည် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှမြို့နယ်အချို့ကိုကွင်းဆင်းလေ့လာကာ ရွေးကောက်ပွဲဖျက်သိမ်းခံထားရသည့် မြို့နယ်များတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် တိုက်တွန်းခဲ့သည်။

ဗီဒီယိုများ