ရခိုင်မှ တောင်သူလယ်သမားများကို စိုက်ပျိုးရေးချေးငွေ ထုတ်ချေးပေးနေ

ရခိုင်ပြည်နယ်မှ တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေပေးနေပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖ့ွံဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ သိရသည်။

12 Aug 2021


DMG ၊ သြဂုတ် ၁၂

ရခိုင်ပြည်နယ်မှ တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေပေးနေပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖ့ွံဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ သိရသည်။

“ကျနော်တို့ လယ်သမားတွေကို အားလုံးမြို့နယ်တိုင်းမှာ ထုတ်ချေးပေးနေတယ်။ ဒါပေမဲ့ အခုကကိုဗစ်နဲ့ဆိုတော့ တချို့မြို့နယ်တွေမှာ သွားရေးလာရေးတွေအခက်ခဲတွေရှိနေတယ်” ဟု မြန်မာ့ လယ်ယာဖွံဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ ဘဏ်မန်နေဂျာ ဦးအေးသိန်းက DMG သို့ပြောသည်။

စိုက်ပျိုးရေးစရိတ်ချေးငွေများမှာ ယမန့်နှစ်ကချေးထားသော ချေးငွေများကိုပြန်ဆပ်သည့် လယ်သမားများကိုသာထုတ်ချေးခြင်းဖြစ်ပြီး ထိုချေးငွေများကိုရရှိပြီးဖြစ်ကြောင်း မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှ လယ်သမား ဦးစိုးနိုင်ကပြောသည်။

“ကျနော်တို့မြို့နယ်မှာ ချေးနေတာကတော့ တစ်ပတ်လောက်ရှိပြီ။ အရင်နှစ်ကချေးထားတဲ့ငွေတွေကို ပြန်ဆပ်ထားတဲ့သူတွေကိုချေးတာပါ။ မဆပ်လိုက်နိုင်တဲ့သူတွေတော့မပါဘူး။ ကျနော်တို့ဖက်မှာရေကြီးခဲ့တာဆိုတော့ စပါးတွေပြန်စိုက်နေရတယ်။ အခက်ခဲတွေတော့ရှိတာပေါ့” ဟု ၎င်းကဆိုသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေမှာ လယ်သမားတစ်ဦးကို လယ် ၁၀ ဧကအောက် ချေးပေးနေခြင်းဖြစ်ပြီး တစ်ဧကကို ချေးငွေ ၁ သိန်းခွဲနှုန်းဖြင့် ချေးပေးခြင်းဖြစ်သည်။ ချေးငွေများကို လယ်သမားများမှပြန်ဆပ်သည့်အခါ ငွေ ၁ သိန်းကို အတိုး ၁ သောင်းခွဲနှုန်းဖြင့်ပြန်ဆပ်ရကြောင်း လယ်သမားများထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်က မိုးစပါးစိုင်ပျိုးရေးစရိတ်ချေးငွေ(ကျပ် ၇၉ ဒသမ ၈၅ ဘီလီယံ)အား ထုတ်ချေးပေးခဲ့ရာ ၂၀၂၀ ခုနှစ် မေလ ၂၇ ရက်နေ့အထိ ချေးငွေပြန်ဆပ်မှုမှာ (၁၁ ဒသမ ၁၀ ဘီလီယံ)ခန့်သာ ရှိသေးကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)၏စာရင်းအရ သိရသည်။

ယင်းသို့ လယ်သမားများ ချေးငွေမဆပ်နိုင်ခြင်းမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် လယ်ယာထွန်ယက်စိုက်ပျိုးရန် အခက်အခဲဖြစ်ခြင်း၊ ထွန်ယက်ပြီးစပါးများ မရိတ်သိမ်းနိုင်ခြင်းနှင့် စပါးရောင်းဝယ်ရေး အဆင်မပြေခြင်းတို့ကြောင့်ဖြစ်သည်ဟု တောင်သူများက ဆိုကြသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက “တောင်သူ့လယ်သမားတွေမှာ သမရိုးကျပြောရရင် အခက်ခဲတွေအများကြီးရှိကြတာပေါ့။ အဓိကတော့ မျိုးစပါးတွေ၊ ဓာတ်မြေသြဇာတွေလိုအပ်တယ်။ အခုက ဒီရေကြောင့်ဆုံးရှုံးသွားတဲ့ လယ်ဧကတွေလည်းရှိတယ်။ အဲဒီဆုံးရှုံးသွားတဲ့ လယ်ဧကတွေကို မဖြစ်မနေအထောက်အပံ့ပေးဖို့လိုအပ်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲဖြစ်ပွားမှုများကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ မြေပုံ စသည့်မြို့နယ်များတွင် ၂၀၁၉ ခုနှစ်က စပါးမစိုက်ပျိုးနိုင်ခဲ့သည့် လယ်ဧကပေါင်း ငါးသောင်းကျော်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် မစိုက်ပျိုးနိုင်ခဲ့သည့် လယ်ဧကမှာ တစ်သိန်းကျော်အထိရှိခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူသမဂ္ဂ၏စာရင်းအရ သိရသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် စိုက်ပျိုးမြေဧကပေါင်း ၁၂ သိန်းခန့်ရှိပြီး တောင်သူများစစ်ဘေးရှောင်နေရခြင်း၊ စိုက်ပျိုးရေးစရိတ်ကြီးခြင်းတို့ကြောင့် ယခု ၂၀၂၁ ခုနှစ်တွင် လယ်ဧက ၈၅၀,၀၀၀ ခန့်ကိုသာ စိုက်ပျိုးနိုင်ကြောင်းသိရသည်။

ယခုနှစ်တွင် ရေကြီးမှုကြောင့် ပြည်နယ်အတွင်းမှ စပါးစိုက်ဧကပေါင်း ၁၂၈၀၀ ခန့်ပျက်စီးမှုရှိခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂကဆိုသော်လည်း ပြည်နယ်ကောင်စီကမူ စပါးစိုက်ဧက ၆၀၀ ခန့်သာပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

ယင်းသို့ သဘာဝဘေးဒဏ်ကြောင့်ပျက်စီးသွားသည့် စပါးစိုက်ဧကများအတွက် ပြည်နယ်ကောင်စီမှမည်ကဲ့သို့ဆောင်ရွက်ပေးသွားမည်ကို မသိရသေးပေ။ ရေနစ်မြုပ်သွားသည့် လယ်ယာမြေများတွင် စပါးပြန်လည်စိုက်ပျိုးရန် ပျိုးပင်များရှားပါးနေသည့်အတွက် တောင်သူများမှာ အခက်အခဲကြုံနေကြောင်းသိရသည်။

ဗီဒီယိုများ