ရခိုင်မြောက်ပိုင်းရှိ မြို့နယ်အချို့တွင် လယ်ယာသုံးဓာတ်မြေသြဇာတို့ သယ်ယူရေး ကျပ်တည်းနေ၍ လယ်သမားများ အဆင်မပြေ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများပြင်းထန်နေသော ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဓာတ်မြေသြများသယ်ယူရေး ကျပ်တည်းလာနေသဖြင့် လယ်သမားများ အဆင်မပြေ ဖြစ်နေကြောင်း လယ်သမားများထံမှသိရသည်။

By နှင်းနွယ် 08 Aug 2020

နှင်းနွယ် | DMG
သြဂုတ် ၈ ၊ စစ်တွေ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများပြင်းထန်နေသော ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဓာတ်မြေသြများသယ်ယူရေး ကျပ်တည်းလာနေသဖြင့် လယ်သမားများ အဆင်မပြေ ဖြစ်နေကြောင်း လယ်သမားများထံမှသိရသည်။

ဓာတ်မြေသြဇာများကို စစ်တွေမြို့မှသယ်ယူကြရာ၌ သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးဌာန၏ ထောက်ခံချက်နှင့် အရေအတွက်တို့ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနသို့တင်ပြပြီး ခွင့်ပြုချက်ရမှသာ သယ်ယူခွင့်ရသဖြင့် အချိန်ကြန့်ကြာနေ၍ စပါးစိုက်ပျိုးသည့် လယ်သမားတို့မှာ အခက်အခဲများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

“စစ်ဆေးရေးဂိတ်တွေက စစ်ဆေးတဲ့အခါကျရင် ဝန်ကြီးရဲ့ထောက်ခံချက်ကိုပြမှ သွားခွင့်ပေးတယ်။ ထောက်ခံချက်မပါရင်တော့ တရားမဝင် ဝယ်ယူတယ်ဆိုပြီးတော့ ဖမ်းတယ်။ အရင်တိုက်ပွဲတွေ မဖြစ်ခင်တုန်းကလို လိုအပ်တဲ့အချိန် သွားယူလို့မရတော့ဘူး” ဟု မြောက်ဦးမြို့တွင် ဓါတ်မြေသြဇာရောင်းချနေသူ ဒေါ်ခင်ချောစုက DMG သို့ပြောသည်။

အလားတူ ရန်ကုန်မှဝယ်ယူသူများမှာလည်း ၎င်းနည်းတူ ခွင့်ပြုချက်တောင်းပြီး သတ်မှတ်ထားသည့် ခွင့်ပြု ထားသည့်ရက်အတွင်း သယ်ယူမည့်မြေသြဇာအိတ်များကို အပြီးသယ်ယူရပြီး သတ်မှတ်ရက်ကျော်လွန်ပါက သယ်ယူခွင့်မရသည့်အပြင် တရားမဝင်ဖြစ်သွားကြောင်း ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှ ဓါတ်မြေသြဇာရောင်းချနေသူ ဒေါ်နန္ဒာလင်းက ရှင်းပြသည်။

သို့ဖြစ်၍ လယ်သမားတို့မှာ စိုက်ပျိုးထားသည့် စပါးပင်းတို့မှာ ဓါတ်မြေသြဇာ အသုံးပြုမည့်အချိန်တွင် မပြုနိုင် ဖြစ်ပေါ်လာ၍ အဆင်မပြေဖြစ်နေကြကြောင်း လယ်သမားများကဆိုကြသည်။

“မြေဆီသွားဝယ်လို့ရှိရင် ပစ္စည်းမရောက်သေးဘူး။ ပြတ်နေတယ်။ နည်းနည်းစောင့်ရမယ်လို့ဆိုတော့ စပါးပင် ဆိုတဲ့အမျိုးက မြေဆီကြဲချိန်ကျရင် မကြဲမဖြစ် ကြဲရတယ်။ မကြဲနိုင်လိုက်ရင် စပါးအထွက်နှုန်းလျော့တယ်။ စပါးပင် တွေကလည်း ပုံမှန်လို မလှနိုင်တော့ဘူး။ အဲလိုဆိုရင် လယ်သမားတွေအတွက် အရမ်းနစ်နာတယ်” ဟု မြောက်ဦး မြို့နယ်၊ ဥက္ကံကျေးရွာမှ လယ်သမား ဦးပန်းလှအောင်က ပြောသည်။

ထို့အပြင် ယခင်နှစ်များက မိမိလယ်ယာမြေနှင့်ကိုက်ညီသည့် ဓာတ်မြေသြဇာများကို ကိုယ်တိုင်သွားရောက် ဝယ်ယူနိုင်သော်လည်း လက်ရှိတွင် တိုက်ပွဲကြောင့်သွားလာရေး ခက်ခဲသည့်အတွက် မိမိနယ်မြေဒေသ၌ ရောင်းချသည့်မြေသြဇာများကိုသာ ဖြစ်သလိုသုံးနေရကြောင်း ကျောက်တော်မြို့နယ်၊ ပြောင်းဆိပ်ကျေးရွာမှ ဦးအောင်ကျော်မြ ထံမှသိရသည်။

“ကျနော်သုံးနေကျ မြေဆီတွေက ဒီဖက်မှာမရှိတဲ့အတွက် စစ်တွေကိုသွားဝယ်ဖို့ကျတော့လည်း နယ်လုံဝန်ကြီး အထိ ခွင့်ပြုချက်ယူရတော့ အဆင်မပြေဘူး။ ဒါကြောင့် ဒီမှာရှိတာလေးနဲ့ပဲ အဆင်ပြေသလို သုံးနေရတော့ စပါးပင်တွေက အရင်နှစ်လိုမလှတော့သလို အထွက်နှုန်းကလည်း လျော့မှာသေချာတယ်။ အရင်လို ဘာထောက်ခံချက်မှ မလိုဘဲ သယ်လို့ရရင် လယ်သမားတွေအကုန်လုံး ကိုယ့်မြေနဲ့ကိုက်ညီတဲ့ မြေသြဇာတွေကို သုံးလို့ရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်အား DMG က ဆက်သွယ်ခဲ့ရာ အစည်းအဝေးလုပ်နေသဖြင့် မအားသေးကြောင်း ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်အချို့တွင် ယမန်နှစ်အတွင်းက တိုက်ပွဲကြောင့် မိုးစပါးမစိုက်ပျိုးနိုင်ခဲ့သည့် လယ်ဧကပေါင်း ငါးသောင်းကျော်ထိရှိခဲ့ပြီး ယခုနှစ်တွင်လည်း မစိုက်ပျိုးနိုင်သည့် လယ်ဧကအများ အပြားရှိနေ သေးကြောင်း ရခိုင်ပြည်နယ် တောင်သူလယ်သမားများအသင်း၏ စာရင်းအရ သိရသည်။

ဗီဒီယိုများ