လက်နက်ကိုင်လူတစ်စု ဖမ်းဆီးခြင်းခံရသည့် စစ်တွေဒေသခံ ၃ ဦး မိသားစုနှင့် အဆက်အသွယ်မရသေး

ဖမ်းဆီးခံရသည့်သူများမှာ မေလ ၃၀ ရက်နေ့က ဖမ်းဆီးခံရသော တရားသီးစုရပ်ကွက်မှ ဦးအေးထွန်း (ခေါ်) ဦးအေးထွန်းဘု၊ ဇွန်လ ၂၈ ရက်နေ့က ဖမ်းဆီးခံရသော ကျေးပင်ကြီးရပ်ကွက်မှ ALD စစ်တွေယာယီ ဥက္ကဌ ဦးဇော်ဝင်းထွန်း၊ ဇွန်လ ၃၀ ရက်နေ့က ဖမ်းဆီးခံရသော အောင်ဒိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းမောင်တို့ ဖြစ်သည်။

10 Jul 2021

DMG ၊ ဇူလိုင် ၁၀

အမည်မသိ လက်နက်ကိုင်လူတစ်စုထံ ဖမ်းဆီးခြင်းခံရသည့် စစ်တွေဒေသခံ ၃ ဦးမှာ မိသားစုဝင်များနှင့် ယခုအချိန်အထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။

ဖမ်းဆီးခံရသည့်သူများမှာ မေလ ၃၀ ရက်နေ့က ဖမ်းဆီးခံရသော တရားသီးစုရပ်ကွက်မှ ဦးအေးထွန်း (ခေါ်) ဦးအေးထွန်းဘု၊ ဇွန်လ ၂၈ ရက်နေ့က ဖမ်းဆီးခံရသော ကျေးပင်ကြီးရပ်ကွက်မှ ALD စစ်တွေယာယီ ဥက္ကဌ ဦးဇော်ဝင်းထွန်း၊ ဇွန်လ ၃၀ ရက်နေ့က ဖမ်းဆီးခံရသော အောင်ဒိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းမောင်တို့ ဖြစ်သည်။

ဦးဇော်ဝင်းထွန်း၏ မိခင်ဖြစ်သူ ဒေါ်အုန်းရွှေက “ အန်တီတို့က တခုမှာမှ မတိုင်ဘဲထားတယ်၊ ဘာကြောင့်လဲဆိုတော့ ဘယ်သူတွေက ခေါ်သွားမှန်းမသိဘူး၊ တိုင်ဖို့အတွက် အချက်အလက်အမှန်က မသိဘူး၊ အန်တီတို့က စုံးစမ်းနေပါတယ်၊ အဆက်အသွယ်မရတော့ စိုးရိမ်တာပေါ့၊ ဘယ်လို အချက်အလက်နဲ့ ခေါ်သွားလဲဆိုတာကို သိချင်တယ် ” ဟု ပြောသည်။

၎င်းတို့ ၃ ဦးကို ပုံစံအမျိုးမျိုးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး ALD ပါတီဝင် ဦးဇော်ဝင်းထွန်းကိုတော့ မျက်နှာဖုံးစွပ်ကာ ၆ ဦးခန့်ပါဝင်သည့် အရပ်ဝတ် လက်နက်ကိုင်တစ်စုက ကားတင် ခေါ်ဆောင်သွားသည်ဟု မျက်မြင်သက်သေများက ပြောသည်။

ဖမ်းဆီးခံရသူ၏ မိသားစုဝင်များအားလုံးမှာ မည်သူက မည်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို သိလိုပြီး မိသားစုဝင်များနှင့်လည်း အဆက်အသွယ်လုပ်ပေးစေလိုကြောင်း တောင်းဆိုနေကြသည်။

အောင်ဒိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းမောင်၏သားဖြစ်သူ ကိုရန်နိုင်ကလည်း  “ လွတ်လာမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့  အခုထက်ထိ အဆက်အသွယ်မရသေးပါဘူး။ ဘာကြောင့် အဖမ်းခံရတာလဲ မသိသေးဘူးလေ။ ဆိုတော့ တိုင်ထားတာလည်းမရှိပါဘူး ” ဟု ဆိုသည်။

တောင်ကုတ်မြို့နယ်တွင်လည်း ဒေသခံ ၁၀ ခန့် မြန်မာစစ်တပ်ထံ ဖမ်းဆီးခံထားရပြီး မိသားစုဝင်များနှင့် ယခုအချိန်အထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။

ယင်းအထဲတွင် မိုးပညာဒါနပရဟိတအသင်း ဥက္ကဌ ကိုအောင်လှိုင်ဝင်းလည်းပါဝင်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို သိလိုပြီး မိသားစုဝင်များဖြင့် အဆက်အသွယ်လုပ်ပေးစေလိုကြောင်း ဇနီးဖြစ်သူက DMG သို့ ပြောဆိုထားသည်။

အလားတူ မြောက်ဦးမြို့နယ် သရက်တောကျေးရွာမှ ဦးမောင်လှသာနှင့် ဦးအောင်ရွှေနု တို့ကိုလည်း ဇွန်လ ၁၉ ရက်နေ့က လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးသွားပြီး မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။

အမည်မဖော်လိုသည့် စစ်တွေဒေသခံတစ်ဦးက “ အခု ရခိုင်မှာ လက်နက်ကိုင်အုပ်စု ဆိုပြီး ဖမ်းဆီးလာတာ များလာတယ်။ အဲဒါဘယ်သူတွေလဲ၊ ဘာကြောင့် ဖမ်းဆီးတာလဲ၊ ပွင့်ပွင့်လင်းလင်း ဖြစ်ဖို့လိုတယ်။ ဘယ်သူပဲဖြစ်ဖြစ် တရားဝင်ထုတ်ပြန်ပေးဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ပြည်သူတွေအနေနဲ့ ထိလန့်ကုန်မယ်။ ငါလည်း ဘယ်အချိန် ဘယ်အမှုနဲ့ အဖမ်းခံရမလဲပေါ့။ အပြစ်မရှိဘူးဆိုရင်လည်း စိုးရိမ်နေရတယ်” ဟု သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်မှာ တရားလက်လွတ် ဖြစ်လာနေကြောင်းနှင့် အမည်မသိ လက်နက်ကိုင်အုပ်စုတစ်စု ပေါ်လာသနေလားဆိုသည့် သတင်း ပြည်သူအချို့ပြောဆိုနေကြသည်။

ဗီဒီယိုများ