ပြည်ပနိုင်ငံသို့ သွားမည့်သူများ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထားမှတ်တမ်းကို ပြုလုပ်နိုင်

ပြည်ပနိုင်ငံသို့သွားမည့် ခရီးသည်များအနေဖြင့် ကိုဗစ်ကာကွယ်အကြိမ်ပြည့်ထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထားမှတ်တမ်းကို ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

27 Jun 2022

ဓါတ်ပုံ - DMG

DMG ၊ ဇွန် ၂၇

ပြည်ပနိုင်ငံသို့သွားမည့် ခရီးသည်များအနေဖြင့် ကိုဗစ်ကာကွယ်အကြိမ်ပြည့်ထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထားမှတ်တမ်းကို ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အာဆီယံနိုင်ငံများအချင်းချင်း အပြန်အလှန်အသိအမှတ်ပြုခြင်းစနစ် (ASEAN Single QR Code Verification Portal) တွင် မြန်မာနိုင်ငံမှထုတ်ပေးသည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate) ကို တရားဝင်အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာ မြင့်တင်ရေးဌာန(ခွဲ)မှ ညွန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက DMG သို့ပြောသည်။

“ အဲဒါကတော့ သွားမဲ့နိုင်ငံအပေါ်မှာ မူတည်တယ်။ ကျွန်တော်တို့က ဆေးထိုးပြီးသားအမှတ်အသားကို ထုတ်ပေးတယ်။ ဆေးထိုးပြီးသားသက်သေခံလက်မှတ်ကို English ဘာသာပြန်တယ်၊ ပြီးတော့ QR ကုဒ်နဲ့ စစ်တယ်၊ အဲဒါတွေကိုပဲ အဓိကလုပ်ပေးတာ။ တချို့နိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ဆေး လက်မှတ်ရယ်၊ နောက်ပြီးတော့ ၄၈ နာရီအတွင်း PCR လက်မှတ်တွေကို စစ်တာတွေရှိတယ်။ နိုင်ငံတိုင်းကတော့ PCR စစ်တဲ့လက်မှတ်မတောင်းဘူး၊ ကာကွယ်ဆေးထိုးထားတဲ့ စာရွက်ပဲတောင်းတာများတယ်” ဟု ၎င်းကဆိုသည်။

၂၀၂၂ခုနှစ် ဧပြီလမှစတင်ကာ ပြည်ပနိုင်ငံများသို့ ခရီးသွားမည့်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း အထောက်အထား (COVID-19 Vaccination Electronic Certificate) ထုတ်ပေးခြင်းကို အွန်လိုင်းစနစ်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာဖြစ်သည့် https://c19vc.moh.gov.mm မှတစ်ဆင့် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထုတ်ပေးသော ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate) တွင်ပါရှိသည့် QR Code ကို မည်သည့် Mobile Phone (သို့မဟုတ်) Tablet ဖြင့်မဆို Scan ဖတ်၍ အချက်အလက်များ ရယူနိုင်သည့်အတွက် ကာကွယ်ဆေးထိုးမှတ်တမ်းအား ကိုင်ဆောင်ထားပါက ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့်ပတ်သက်ပြီး အလွယ်တကူ တိုက်ဆိုင်စိစစ်နိုင်သည့်အပြင် မည်သည့် ကာကွယ်ဆေး အမျိုးအစား ထိုးနှံထားသည်ကို အတည်ပြုချက်ရယူနိုင်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ထိုသို့ တရားဝင်အသိအမှတ်ပြုနိုင်ရန် ၂၀၂၂ ခုနှစ်၊ မေလ (၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့တို့၌ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေး (15th ASEAN HEALTH MINISTERS MEETING) တွင် အတည်ပြုပြီးဖြစ်ကြောင်းလည်း သိရသည်။

ယင်းအပြင် နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်နှင့် ဝင်ရောက်လာသူများအနေဖြင့်လည်း ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားသည့်အထောက်အထားပြသမည်ဆိုပါက ကိုဗစ်ပိုးကူးစက်ခံရခြင်း ရှိ၊ မရှိကို စစ်ဆေးစရာ မလိုတော့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြင့်တင်ရေးဌာန(ခွဲ)မှ သိရသည်။

ယခင်က မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး ထိုးထားသူဖြစ်စေ၊ မထိုးထားသူဖြစ်စေ ပြည်တွင်းလေကြောင်း ခရီး လိုက်ပါမည်ဆိုပါက ၄၈ နာရီအတွင်း (Rapid Diagnostic Test-RDT) ကိုဗစ်ပိုးစစ်ဆေးမှုခံယူရမည်ဟု ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းက သတ်မှတ်ခဲ့သော်လည်း လက်ရှိတွင် ပြည်တွင်းလေကြောင်းခရီးစဉ်တွင် လိုက်ပါရာလာသည့် ခရီးသည်များအနေဖြင့် ကိုဗစ်ကာကွယ်ဆေးအကြိမ် ပြည့်ထိုးပြီးပါက ကိုဗစ်စစ်ဆေးရန် မလိုတော့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးမှ ထုတ်ပြန်ချက်အရသိရသည်။

 

ဗီဒီယိုများ