ရခိုင်တွင် တိုက်ပွဲထပ်ဖြစ်မည်ကိုစိုးရိမ်၍ နေရပ်ပြန်စစ်ဘေးရှောင်များ ပြန်လည်နေရပ်စွန့်ခွာလာဟုဆို

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကိုစိုးရိမ်၍ နေရပ်သို့ပြန်သွားကြသည့် စစ်ဘေးရှောင်အချို့သည် ယခင်ခိုလှုံခဲ့ကြသော စစ်ဘေးရှောင်စခန်းများသို့ ပြန်လည်ရောက်ရှိလာကြကြောင်း ဒေသခံများထံမှ သိရသည်။

By ဉာဏ်ဟိန်း 30 Dec 2020

ရသေ့တောင်မြို့ပေါ်ရှိ ရွှေပါရမီ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်အချို့အား ၂၀၂၀ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။

ဉာဏ်ဟိန်း | DMG
ဒီဇင်ဘာ ၃၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကိုစိုးရိမ်၍ နေရပ်သို့ပြန်သွားကြသည့် စစ်ဘေးရှောင်အချို့သည် ယခင်ခိုလှုံခဲ့ကြသော စစ်ဘေးရှောင်စခန်းများသို့ ပြန်လည်ရောက်ရှိလာကြကြောင်း ဒေသခံများထံမှ သိရသည်။

“အခုကတော့ စစ်ဘေးရှောင်တချို့က စစ်ဘေးရှောင်စခန်းတွေကို ပြန်လာတာတွေရှိတယ်။ ဘာဖြစ်လို့ဆိုတော့ အခုက အပစ်ရပ်စဲထားတဲ့ကာလလည်း ကုန်တော့မယ်ဆိုတော့ သူတို့က နောက်တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီးတော့ ပြန်လာကြတာ။ အသွားအလာပြန်သွားတဲ့ သူတွေလည်းရှိတယ်” ဟု ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသူ ကိုဘက္ကာက ပြောသည်။

ရသေ့တောင်မြို့နယ်အတွင်းမှ ပြိန်းတော၊ ညောင်ပင်လှ၊ ကုလားချောင်း၊ မညှင်းတောင် စသည့်ကျေးရွာသားများမှာ မိမိတို့ဒေသ၌ တိုက်ပွဲထပ်ဖြစ်မည်ကိုစိုးရိမ်၍ စစ်ဘေးရှောင်စခန်းများသို့ ပြန်လည်ရောက်ရှိလာကြကြောင်း သိရသည်။

“ပြန်လာတာကတော့ ဒီလကုန်ရင်တိုက်ပွဲဖြစ်မယ်လို့ ပြောသံကြားတယ်။ အဲဒါကြောင့် ကြောက်ပြီးပြန်လာ ကြတာ။ တပ်မတော်(စစ်တပ်)ရှိတဲ့ နေရာတွေမှာဆိုရင် စပါးတွေမရိတ်ရဲကြဘူး။ တချို့ကတော့ ရိတ်လို့ပြီးပြီ မရိတ်ရသေးတဲ့ စပါးတွေလည်းကျန်ခဲ့တယ်” ဟု ရသေ့တောင်မြို့မှာ ပြိန်းတောကျေးရွာမှ မြို့ပေါ်ရှိ ရွှေပါရမီ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံရန်ရောက်ရှိလာသူ ဒေါ်မစံနုကပြောသည်။

အဆိုပါမြို့နယ် ညောင်ပင်လှကျေးရွာမှ ရွှေပါရမီဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံရန်ရောက်ရှိလာသူ ဒေါ်လှမေညွန့်ကလည်း “ကျွန်မတို့ရောက်တာက လေးရက်လောက်ရှိပြီ။ ဘာဖြစ်လို့ပြန်လာတာလဲဆိုရင် တိုက်ပွဲဖြစ်မှာကိုစိုးရိမ်လို့ ပြန်လာကြတာ။ စစ်ဘေးရှောင်စခန်းကိုတော့ ဘယ်လာချင်မလဲ” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်ကာလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင်ဦးရေမှာ နိုဝင်ဘာလ ၂ ရက်နေ့အထိ ၂ သိန်း ၃ သောင်း ၆ ထောင်ကျော်ရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရသိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့သည့် ရွေးကောက်ပွဲမတိုင်မီရက်ပိုင်းကနေ တပ်မတော်နှင့် အေအေတို့၏ တိုက်ပွဲများရပ်တန့်လျက်ရှိသည်မှာ လက်ရှိအချိန်ထိ တစ်လကျော်ရှိပြီဖြစ်သည်။

“တချို့စစ်ဘေးရှောင်တွေပြန်လာတာတွေရှိတယ်။ ဘာဖြစ်လို့ပြန်လာတာလဲဆိုတော့ အပစ်အခတ် ရပ်စဲ ကာလလည်း ကုန်တော့မှာဆိုတော့ သူတို့က နောက်တိုက်ပွဲဖြစ်မှာကိုစိုးရိမ်ပြီးတော့လာကြတယ်။ နောက်ပြီးတော့ သူတို့အသက်အန္တရာယ်ကိုကြောက်ပြီးတော့ ပြန်လာကြတဲ့စစ်ဘေးရှောင်တွေရှိတယ်” ဟု မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုယ်တော်နှင်းခါးက DMG သို့ မိန့်သည်။

ကျောက်တောမြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများသို့လည်း နေရပ်ပြန် စစ်ဘေးရှောင်အချို့ ပြန်လည်လာရောက် ခိုလှုံလာမှုများရှိကြောင်းလည်း သိရသည်။

စစ်ဘေးရှောင်စခန်းများသို့ ပြန်လည်ရောက်ရှိလာသူများ၏ လူဦးရေစာရင်းကို အတိအကျမသိရသေးဘဲ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းရုံး(REC)အနေဖြင့် စာရင်းကောက်ယူလျှက်ရှိကြောင်း ပြောသည်။

REC ၏ ဒီဇင်ဘာ ၃ ရက်နေ့အထိစာရင်းအရ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁ သိန်း ၉ သောင်းကျော် ရှိကြောင်းသိရသည်။

ဗီဒီယိုများ