ရန်ကုန်မှ ရခိုင်သို့ပြန်လိုသူ လူပေါင်း ၈၆၀ ကျော်ကို ပို့ဆောင်၊ လူပေါင်း ၂၅၀၀ ကျော် ကျန်ရှိနေဆဲဖြစ်

ကိုဗစ်-၁၉ ထိန်းချုပ်ရေးကာလတွင် ရန်ကုန်မြို့၌ ပိတ်မိနေသူ ၈၆၀ ကျော်ကို ရခိုင်ပြည်နယ်သို့ ပု့ိဆာင် ထားပြီဖြစ်ကာ လူဦးရေ ၂၅၀၀ ကျော်ကို ပို့ဆောင်ရန်ကျန်နေသေးကြောင်း လိုက်ပါကူညီပေးသည့် အဖွဲ့များထံမှသိရသည်။

By ကျော်သူဌေး 04 Dec 2020

Photo - Khine Maung Lin's facebook

ကျော်သူဌေး | DMG
ဒီဇင်ဘာ ၄ ၊ စစ်တွေ

ကိုဗစ်-၁၉ ထိန်းချုပ်ရေးကာလတွင် ရန်ကုန်မြို့၌ ပိတ်မိနေသူ ၈၆၀ ကျော်ကို ရခိုင်ပြည်နယ်သို့ ပု့ိဆာင် ထားပြီဖြစ်ကာ လူဦးရေ ၂၅၀၀ ကျော်ကို ပို့ဆောင်ရန်ကျန်နေသေးကြောင်း လိုက်ပါကူညီပေးသည့် အဖွဲ့များထံမှသိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရန်ကုန်မြို့တွင် စက်ရုံ၊ အလုပ်ရုံများပိတ်ပင်ထားသဖြင့် ရခိုင်မှပြည်သူ အများအပြားမှာ အလုပ်လက်မဲ့ဖြစ်ပေါ်ကာ စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်နေသဖြင့် မိမိနေရပ်သို့ ပြန်လိုကြခြင်းဖြစ်သည်။

သို့သော် ကားလမ်း၊ လေကြောင်းလမ်းများ ပိတ်ပင်ထားသဖြင့် အခက်အခဲများဖြစ်ပေါ်နေသဖြင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ရခိုင်လူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ ပို့ဆောင်ပေး နေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး ကိုဗစ်ကြောင့် နေရပ်ပြန်ရန် အခက်အခဲ ရှိနေကြသည့် ရခိုင်ပြည်နယ်မှ လူပေါင်း ၂၈၈ ဦးကို ယနေ့(ဒီဇင်ဘာလ ၄ ရက်) နံနက်ပိုင်းက ဘတ်စ်ကား ၆ စီးဖြင့် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အကူအညီပေးသူများထံမှ သိရသည်။

ယခုပို့ဆောင်ခြင်းသည် လေးကြိမ်မြောက်ဖြစ်ပြီး ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ပြန်လိုသူ လူပေါင်း ၈၆၀ ကျော်ကို ကားများဖြင့် ပို့ဆောင်ပြီးဖြစ်သော်လည်း အစိုးရထံမှ ခွင့်ပြုမိန့်ကြန့်ကြာမှုကြောင့် ရက်နောက်ဆုတ်ကာ ပို့ဆောင်ရခြင်းများရှိကြောင်း၊ ကားဖြင့်ပို့ဆောင်ရာတွင်လည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ခွင့်ပြုသည့် ကားများသာ ထွက်ခွင့်ရသဖြင့် အခက်အခဲများရှိသည်ဟု လိုက်ပါပို့ဆောင်နေသည့် ဆရာတော် သဘာဝနဒီက မိန့်သည်။

“အစိုးရဆီက ခွင့်ပြုချက်နှောက်နှေးမှုကြောင့် ၂ ရက်လောက်နောက်ကျပြီးမှ ပို့ရတာတွေရှိတယ်။ ကိုယ်တော်တို့ကို ပေးထားတဲ့စာရင်းအရ ပြန်မယ့်သူ သုံးထောင်နဲ့လေးရာကျော်လောက် ရှိပါတယ်။ အဲဒီလူတွေကို ကိုယ်တော်တို့က အမြန်ဆုံးပို့ချင်တယ်။ ဒါပေမယ့် အစိုးရက ကားကိုကြိုက်သလောက် ထွက်ခွင့်မရဘူး။ ဒီနေ့ ထွက်မယ့်စာရင်းမှာဆိုရင် ကား ၈ စီးစာ တင်ထားရာမှာ ကား ၆ စီးပဲထွက်ခွင့်ရတယ်” ဟု မိန့်ကြားသည်။

ရခိုင်ကို ပြန်မည့်သူများအနေဖြင့် ရန်ကုန်တွင် လက်ရှိနေထိုင်ရာ မြို့နယ်၏ထောက်ခံချက်နှင့် ကိုယ်ရေးအချက် အလက်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့အား တင်ပြပြီး ခွင့်ပြုချက်ရမှ ထွက်ခွာရခြင်းဖြစ်သည်။

ယင်းအပြင် မိမိနေထိုင်ရာမြို့နယ်များသို့ရောက်လျှင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ Quarantine ၇ ရက် ဝင်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနများက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရန်ကုန်တွင်ပိတ်မိနေသည့်ပြည်သူများကို ပြန်လည်ပို့ဆောင်ရာတွင် ရခိုင်ပြည်နယ် တောင်ပိုင်းရှိ မြို့နယ်များသို့  ၂ ကြိမ်နှင့် မြောက်ပိုင်းရှိ မြို့နယ်များသို့  ၂ ကြိမ် ပို့ဆောင်ထားပြီဖြစ်ကြောင်း အကူအညီ ပေးသည့် ရခိုင်လူမှုအဖွဲ့များထံမှ သိရသည်။

ဗီဒီယိုများ