မျိုးရိုးဗီဇပြောင်း ဒယ်လ်တာ(Delta)ဗိုင်းရပ်စ်ကြောင့် မိသားစုအတွင်း အစုလိုက်ကူးစက်ခြင်းဖြစ်စေကြောင်းပြော

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော မျိုးရိုးဗီဇပြောင်း (Delta)ဒယ်လ်တာဗိုင်းရပ်စ်မှာ ကူးစက်နှုန်းမြန်ပြီး မိသားစုအတွင်း အစုလိုက်ကူးစက်ခြင်းဖြစ်ပွားစေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။

04 Sep 2021


DMG ၊ စက်တင်ဘာ ၄

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော မျိုးရိုးဗီဇပြောင်း (Delta)ဒယ်လ်တာဗိုင်းရပ်စ်မှာ ကူးစက်နှုန်းမြန်ပြီး မိသားစုအတွင်း အစုလိုက်ကူးစက်ခြင်းဖြစ်ပွားစေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။

“ဒယ်လ်တာဆိုတဲ့ မျိုးရိုးဗီဇပြောင်းပိုးကအဆိုးဆုံးဖြစ်ပါတယ်။ ဒယ်လ်တာက ကူးစက်မှုလည်းမြန်တယ်။ မိသားစုအတွင်းမှာ အစုလိုက်ကူးစက်တာကလည်း ဒယ်လ်တာပဲဖြစ်ပါတယ်။ ဒယ်လ်တာကြောင့် အောက်စီဂျင်လိုအပ်မှုတွေလည်း များလာတယ်”ဟု ၎င်းကဆိုသည်။

မျိုးရိုးဗီဇပြောင်းကိုဗစ်ဗိုင်းရပ်စ်ပိုး (၄)မျိုးရှိပြီး ၎င်းတို့မှာ“အယ်လ်ဖာ၊ ဗီတာ၊ ဂါမာနဲ့ ဒယ်လ်တာ”ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံအတွင်း အယ်လ်ဖာ၊ ဗီတာနှင့် ဒယ်လ်တာမျိုးရိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုး(၃)မျိုးရှိပြီး ယင်းဗီဇပြောင်းပိုးများထဲမှ ဒယ်လ်တာမှာ နိုင်ငံပေါင်း ၁၆၄ နိုင်ငံတွင်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေအနေနဲ့လည်း ရောဂါကူးစက်မှုမဖြစ်ရအောင် ကာကွယ်ဖို့လိုတယ်။ နောက်ထပ်လည်း ဗီဇပြောင်းပိုးတွေ တွေ့လာနိုင်တယ်။ အဲဒါကြောင့် ပြည်သူလူထုတွေအနေနဲ့ ကိုဗစ်စည်းကမ်းတွေကိုလိုက်နာဖို့အပ်တယ်။ မိမိကိုယ်ကတည်းက ပေ့ါဆနေမယ်ဆိုရင် ဗိုင်းရစ်ကူးစက်ဖို့အတွက် အသုံးချခံ ခန္ဓာကိုယ်ဖြစ်သွားနိုင်တယ်။ ဒါကြောင့်မို့ အထူးသတိထားပြီးတော့ နေထိုင်ဖို့ဆိုတာကိုအသိပေးချင်ပါတယ်”ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်ကပ်ရောဂါကူးစက်ခံနေသူများအား စစ်ဆေးရာတွင် ဗီဇပြောင်းကူးစက်မြန်ဒဲယ်လ်တာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ ၁၅ ဦးကို စစ်ဆေးတွေ့ရှိရကြောင်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၃၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ယင်းသို့မျိုးရိုးဗီဇကွဲ ကိုဗစ်တွေ့ရှိသူ ၁၅ ဦးထဲတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှတစ်ဦးပါဝင်ပြီး အခြားတွေ့ရှိသူများမှာ နေပြည်တော်မှ ၅ ဦး၊ ရန်ကုန်မှ ၂ ဦး၊ မန္တလေးမှ ၂ ဦး၊ တောင်ငူ ၁ ဦး၊ လားရှိုး ၁ ဦး၊ မော်လမြိုင် ၁ ဦး၊ မုံရွာ ၁ ဦးနှင့် ကလေးမြို့မှ ၁ ဦးတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယင်းကဲ့သို့ ဗီဇပြောင်းဒယ်လ်တာပိုးတွေ့ရှိပြီးနောက် စစ်တွေမြို့တွင် mask မတပ်တဲ့ ဆိုင်ကယ်စီးသူများနှင့် လမ်းသွားသူများကို ဖမ်းဆီးကာ ကိုဗစ်စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ရခိုင်တွင် စက်တင်ဘာ ၂ ရက်နေ့ ညနေ ၅ နာရီအထိ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၄၂၄၁ ဦးရှိပြီး သေဆုံးသူ ၄၀၀ ဦးအထိရှိလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။

ဗီဒီယိုများ