ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ကျန်းမာရေးဝန်ထမ်း ၂၀၀ ကျော် ကာကွယ်ဆေး မထိုးနိုင်သေး

ကိုဗစ်ကာကွယ်ဆေး မရောက်ရှိသေးသဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကျန်းမာရေး ဝန်ထမ်း ၂၂၀ ဦးမှာ ကာကွယ်ဆေးထိုးနှံနိုင်ခြင်း မရှိသေးကြောင်း ယင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

By ကျော်သူဌေး 30 Jan 2021

ကျော်သူဌေး | DMG
ဇန်နဝါရီ ၃၀ ၊ စစ်တွေ

ကိုဗစ်ကာကွယ်ဆေး မရောက်ရှိသေးသဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကျန်းမာရေး ဝန်ထမ်း ၂၂၀ ဦးမှာ ကာကွယ်ဆေးထိုးနှံနိုင်ခြင်း မရှိသေးကြောင်း ယင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကာကွယ်ဆေးထုတ်ယူရာတွင် ပခုက္ကူ၊ မင်းတပ်၊ မတူပီမြို့နယ်ဖက်မှ အဆင့်ဆင့်ထုတ်ယူရခြင်းဖြစ်ပြီး ပလက်ဝမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးဝေးလွန်သဖြင့် ကာကွယ်ဆေးမရောက်ရှိခြင်းဖြစ်သည်ဟု ပလက်ဝမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိုးသက်ဝင်းက ပြောသည်။

“ကျနော်တို့မှာက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အခါကျတော့ ရက်နောက်ကျတာပေါ့။ သူများတွေကို ကာကွယ်ဆေးရောက်တဲ့အချိန်မှာ ကျနော်တို့ဆီကို မရောက်နိုင်ဘူး။ အဆင့်ဆင့် ကာကွယ်ဆေးသွားထုတ်ရတဲ့ အခါကျတော့ အဲအတွက်ကြောင့် မရောက်သေးတာပါ။ ကျနော်တို့ဖက်က သူများတွေလို လေယာဉ်နဲ့ တိုက်ရိုက် ပို့လို့မရဘူး။ လေယာဉ်နဲ့အနီးအနား ပို့နိုင်တဲ့နေရာမရှိတော့ ကားတွေနဲ့ပဲ အဆင့်ဆင့်သွားယူရတယ်” ဟု ဒေါက်တာစိုးသက်ဝင်းက ပြောသည်။

ကာကွယ်ဆေးကို ချင်းပြည်နယ် မတူပီဖက်မှယူဆောင်ရမည်ဖြစ်ပြီး ကားဖြင့်သွားလျှင် (၆)နာရီခရီး မောင်းနှင်ရသည်။ ကာကွယ်ဆေးရောက်ရှိလာပါက ထိုးနှံနိုင်ရန် စီစဉ်ထားသည်ဟု ဒေါက်တာစိုးသက်ဝင်းက ဆက်လက် ပြောကြားသည်။

ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမ ဒေါ်ဌေးဌေးက “ဟုတ်ကဲ့၊ မထိုးရသေးပါဘူး။ လမ်းပန်း ဆက်သွယ်ရေးမကောင်းတာလည်း ပါတာပေါ့။ လမ်းကြောင်းတွေပိတ်ထားတယ်ဆိုတော့ ဆေးကတော့ မရောက်သေးလို့ဖြစ်မှာပါ။ ရောက်ရင်တော့ထိုးမှာပါ” ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထိုက်အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးတွင်ရှိသည့် ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေးစတင်ထိုးနှံပေးနေပြီဖြစ်သော်လည်း ပလက်ဝမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများမှာ လမ်းပန်းဆက်သွယ်ရေးဝေးလွန်းသဖြင့် ယနေ့အချိန်ထိ ကာကွယ်ဆေးထိုးနှံနိုင်ခြင်းမရှိသေးပေ။

ချင်းပြည်နယ်အတွင်းရှိ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့နယ်များမှ ကျန်းမာရေးဝန်ထမ်းများမှာ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ