ရခိုင်တွင် ကိုဗစ်ပိုးတွေ့လူနာ ၂၃၀ ဦးခန့် လက်ရှိဆေးကုသမှုခံယူလျက်ရှိ

ရခိုင်တစ်ပြည်နယ်လုံး၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၂၉ ဦးသာ ဆေးရုံများ၌ဆေးကုသမှု ခံယူလျှက်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အောက်တိုဘာ ၉ ရက်နေ့ထိစာရင်းအရ သိရသည်။

By သက်ပိုင် 11 Oct 2020

သက်ပိုင် | DMG
အောက်တိုဘာ ၁၁ ၊ စစ်တွေ

ရခိုင်တစ်ပြည်နယ်လုံး၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၂၉ ဦးသာ ဆေးရုံများ၌ဆေးကုသမှု ခံယူလျှက်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အောက်တိုဘာ ၉ ရက်နေ့ထိစာရင်းအရ သိရသည်။

ကိုဗစ်ပိုးတွေ့လူနာများထဲမှ ဆေးကုသမှုခံယူပြီး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၆၁၀ ဦးနှင့် သေဆုံးသူ ၈ ဦးရှိပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ထံမှ သိရသည်။

“စစ်တွေက တစ်ရာလောက်နဲ့အများဆုံးဖြစ်တယ်။ ကျောက်ဖြူမှာ ခြောက်ဆယ်လောက်ရှိတယ်။ မြောက်ဦး၊ မောင်တော၊ ကျောက်တော်တို့ဘက်မှာတော့ နှစ်ဆယ်၊ သုံးဆယ်လောက် ကျန်သေးတယ်” ဟု ၎င်းက ရှင်းပြသည်။

ယခုကဲ့သို့ ပိုးတွေ့လူနာများဆေးရုံမှဆင်းခွင့်ရရှိသော်လည်း ပြည်သူများအနေဖြင့် မပေါ့ဆသင့်ဘဲ ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်း လိုက်နာရန်လိုအပ်ကြောင်း ဒေါက်တာစိုးဝင်းပိုင်က တိုက်တွန်းသည်။

“စစ်တဲ့ဟာက ဒီကနေ ရန်ကုန်ကိုပို့ရတာတွေ ရှိတဲ့အတွက် ရက်အလိုက်ကြည့်လို့ အဆင်မပြေဘူး။ အပတ်စဉ် လိုက်ကြည့်တဲ့အခါကျတော့ ရခိုင်ပြည်နယ်ရဲ့ပိုးတွေ့ရှိမှုနှုန်းက ၁၅ ယောက်၊ ၁၆ယောက်ကြားမှာ ရှိနေပြီးတော့ စစ်တွေမြို့ရဲ့ပိုးတွေ့နှုန်းက ၂၀ လောက်မှာပဲ ရှိနေသေးတယ်။ ဆိုလိုတဲ့သဘောက စစ်တွေမှာ လူတစ်ရာစစ်ရင် ၂၀ လောက်တွေ့နိုင်တယ်။ ရခိုင်ပြည်နယ်လုံးလူ ၁၀၀ စစ်ရင် ၁၆ ယောက်တွေ့ဦးမယ်ဆိုတဲ့ သဘောပါပဲ” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ပိုးတွေ့ရှိမှုနှုန်းမှာ လုံးဝကျဆင်းသွားခြင်းမဟုတ်ဘဲ အခြေအနေတစ်ခုတွင် ရပ်နေသည့်သဘော ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မပေါ့ဆဘဲအတတ်နိုင်ဆုံး အိမ်တွင်သာနေထိုင်စေလိုကြောင်း ဒေါက်တာစိုးဝင်းပိုင်က ထပ်ဆင့်ပြောကြားသည်။

လက်ရှိစစ်တွေမြို့တွင် မလိုအပ်ဘဲ အပြင်မထွက်ကြရန် ကြေငြာထားပြီး ဈေးဝယ်ရန်၊ ကျန်းမာရေးကိစ္စများနှင့် မဖြစ်မနေ အပြင်ထွက်ရမည့်သူများကို အပြင်ထွက်ကတ်ပြားများ ထုတ်ပေးထားသည်။

ယင်းသို့ အပြင်ထွက်ကတ်ပြားမပါရှိဘဲ အပြင်ထွက်သူများကို လက်ရှိတွင် ငွေဒဏ်ရိုက်အရေးယူလျက်ရှိပြီး နောက်ပိုင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ဒေသ အာဏာပိုင်များက အသိပေးထားသည်။

ဗီဒီယိုများ