ပျက်စီးနေသည့် စစ်ဘေးရှောင်စခန်းများကို မိုးမကျမီ အချိန်မှီ ပြုပြင်နိုင်ရန် အလှူရှင်များလိုအပ်နေ

ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းအချို့တွင် ဒုက္ခသည်များနေထိုင်သည့် တဲအိမ်များ ပျက်စီးမှု၊ အမိုးအကာ မလုံလောက်မှုများရှိသဖြင့် မိုးရာသီမရောက်မီ ပြုပြင်နိုင်ရန် အလှူရှင်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံများထံမှ သိရသည်။

21 Apr 2021

DMG ၊ ဧပြီ ၂၁

ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းအချို့တွင် ဒုက္ခသည်များနေထိုင်သည့် တဲအိမ်များ ပျက်စီးမှု၊ အမိုးအကာ မလုံလောက်မှုများရှိသဖြင့် မိုးရာသီမရောက်မီ ပြုပြင်နိုင်ရန် အလှူရှင်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံများထံမှ သိရသည်။

ပျက်စီးနေသည့် စစ်ဘေးရှောင်စခန်းများမှာ မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်း၊ စညှင်းစစ်ဘေးရှောင်စခန်း၊ ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတို့ ဖြစ်ကြသည်။

ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်  အိမ်ထောင်စု ၈၂၀ စု၊ လူဦးရေ ၃၄၀၀ ကျော် နေထိုင်လျက်ရှိပြီး၊ ယင်းစစ်ဘေးရှောင်စခန်းရှိ တဲအိမ် သုံးပုံတစ်ပုံခန့်မှာ ပျက်စီးနေကြောင်း၊ နှစ်ပုံခန့်မှာ အမိုးအကာများ ပျက်စီးနေသဖြင့် ပြန်လည်ပြုပြင်ရန် လိုအပ်နေသည်ဟု စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။

“အခေါင်တွေ ပေါက်ပြဲပြီးတော့ တချို့ဆိုရင် အမိုးလည်း အဆင်မပြေဘူး။ အကာလည်း မလုံတော့ဘူး။ ခြေရင်းက တိုင်တွေ ပျက်စီးပြီးတော့ ယာဉ်သွားပါပြီ။ အလှူရှင်တွေကလည်း မရှိဘူး။ အမိုးမလုံတဲ့အတွက် မိုးရွာလာတာနဲ့ သူတို့အခက်အခဲဖြစ်မှာကို ကြိုမြင်နေတဲ့အတွက် စိုးရိမ်နေကြတယ်။ အိပ်ဖို့မရ နေဖို့မရထိ ဖြစ်သွားနိုင်တယ်။ သူတို့မှာက စားဖို့သောက်ဖို့အနိုင်နိုင်ဖြစ်နေတဲ့ဟာမှာ သူတို့ကိုယ်တိုင် ပြုပြင်ဖို့အတွက်ကျတော့လည်း မဖြစ်နိုင်ဘူး။ ဝါးတွေ၊ သစ်တွေရှာပြီး ပြုပြင်ဖို့အတွက်ကျတော့လည်း တချို့သူတွေမှာ လုပ်တတ်ကိုင်တတ်တဲ့ သူတွေမရှိ အိမ်ထောင်စုတွေများတယ်” ဟု ကိုခိုင်မျိုးအောင်က ပြောသည်။

ယင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် ကျေးရွာသားများမှာ တင်းမကျေးရွာ၊ ပြိုင်းတိုင်းကျေးရွာများမှ အများစုပါဝင်ပြီး၊ အဆိုပါကျေးရွာများမှာ မီးလောင်မှုကြောင့် နေအိမ်များ ပျက်စီးသွားသဖြင့် နေရပ်သို့ပြန်ရန် အခက်အခဲရှိသူများဖြစ်ကြသည်။

ထို့အပြင် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၃၀၁ စု၊ လူဦးရေ ၁၀၆၂ ဦးနေထိုင်လျှက်ရှိပြီး၊ တဲအိမ် ၄၀၀ ကျော်ရှိသည့်အထဲတွင် စခန်းတစ်ခုလုံးလိုလို ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်နေသည်ဟု စခန်းတာဝန်ခံ ကိုမောင်အေးသာက ပြောသည်။

“အိမ်တိုင်းလိုလို ပြိုပျက်နေပါပြီ။ အိမ်ပြန်လည်ဆောက်ဖို့အတွက်ဆိုရင် အမိုးအကာ ဓနိလိုမယ်။ ဝါးလိုမယ်။ အဲဒါတွေဝယ်ဖို့ ငွေကြေးလိုအပ်တယ်။ ဒီဟာတွေကို မပြုပြင်ဘဲထားလိုက်ရင် မိုးရာသီမှာ နေရေးထိုင်ရေး တော်တော်လည်းကို အခက်အခဲဖြစ်နိုင်တယ်။ အခု လက်ရှိစခန်းမှာ ကျန်တဲ့သူတွေမှာက အိမ်လည်း မရှိတော့ဘူး။ ဥယာဉ်ခြံမြေတွေလည်း ပျက်စီးဆုံးရှုံးသွားတာကြောင့် နေရပ်ကို ပြန်ဖို့အခက်အခဲဖြစ်နေကြတဲ့သူတွေ ဖြစ်ပါတယ်” ဟု ကိုမောင်အေးသာက ပြောသည်။

ယင်းစစ်ဘေးရှောင်စခန်းတွင် မြေပုံမြို့နယ်မှ ဒလက်၊ ဟင်းခရော်၊ ညောင်ကန်၊ ဆင်အုန်းတိုင်းစသည့် ကျေးရွာများမှ အများစုပါဝင်ပြီး၊ မိမိနေရပ်သို့ပြန်ရန် နေအိမ်ပျက်စီးဆုံးရှုံးမှု၊ ဥယာဉ်ခြံမြေပျက်စီးဆုံးရှုံးမှုများကြောင့် နေရပ်သို့ပြန်ရန် အခက်အခဲများဖြစ်ပေါ်နေကြခြင်းဖြစ်သည်။

ယင်းအပြင် အစိုးရမှ အသိအမှတ်ပြုခြင်းမခံရသည့် မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်းတွင်လည်း အိမ်ထောင်စု ၁၃၇ စု၊ လူဦးရေ ၄၀၀ ကျော်ရှိပြီး၊ စစ်ဘေးရှောင်များနေထိုင်သည့် တဲအိမ်အချို့မှာ ယိုးယွင်းပျက်စီးမှုများ ဖြစ်ပေါ်နေသည်ဟုသိရသည်။

ယခုလက်ရှိ စစ်ဘေးရှောင်စခန်းများတွင် တဲအိမ်များ ပျက်စီးမှုများကို အစိုးရကလည်း တည်ဆောက်ပေးမှု တစ်စုံတစ်ရာ မရှိသေးသလို အလှူရှင်များကလည်း လှူတန်းမှုမရှိသဖြင့် မိုးရာသီကျရောက်မှာကို စစ်ဘေးရှောင်များက စိုးရိမ်နေကြသည်။

လက်ရှိ စစ်ဘေးရှောင်စခန်းအများစုတွင် အလှူရှင်များနည်းပါးမှုကြောင့် စားဝတ်နေရေးအဆင်ပြေစေရန် ကြုံရာကျပန်း လုပ်စားနေကြရသည်ဟု စခန်းတာဝန်ခံများက ပြောဆိုကြသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ အစောပိုင်းက စတင်ကာ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ နှစ်သိန်းကျော်အထိရှိခဲ့ပြီး၊ လက်ရှိတွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများ မရှိသည်မှာ ၅ လခန့်ကြာမြင့်လာသောကြောင့် စစ်ဘေးရှောင်အချို့မှာ မိမိနေရပ်သို့ပြန်သွားကြသူများလည်း ရှိနေသည်။

ယခုလက်ရှိ စစ်ဘေးရှောင်စခန်း ၁၄၈ ခုတွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခြောက်သောင်းကျော် နေထိုင်လျက်ရှိပြီး၊ ယင်းစစ်ဘေးရှောင်များမှာ နေအိမ်ပျက်စီးဆုံးရှုံးမှုများကြောင့် မပြန်နိုင်ကြသူများရှိသလို ကျေးရွားအနီးအနား တပ်မတော်မှ တပ်စွဲထားမှုများနှင့် မိုင်းအန္တရာယ်ဖြစ်မှာကို စိုးရိမ်သဖြင့် မပြန်နိုင်ကြသူများဖြစ်သည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။

ဗီဒီယိုများ