ထားဝယ်တွင် တက်ကြွလှုပ်ရှားသူ လူငယ် ၃၀ ဦးခန့် ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စက်တင်ဘာလအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် လူငယ်(၃၀)ဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း မွန်၊ ကရင်၊ တနင်္သာရီဒေသ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ မွန်မြေလူ့အခွင့်အရေးအဖွဲ့ (HRUFM)ထံမှ သိရသည်။

14 Sep 2022

စက်တင်ဘာလ ၉ ရက်နေ့က စစ်တပ်နှင့် ရဲအဖွဲ့၏ ဖမ်းဆီးခြင်းခံထားရသူ ထားဝယ်မြို့ခံ လူငယ်နှစ်ဦး။ ဓာတ်ပုံ- HRUFM

DMG ၊ စက်တင်ဘာ ၁၄

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စက်တင်ဘာလအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် လူငယ်(၃၀)ဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း မွန်၊ ကရင်၊ တနင်္သာရီဒေသ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ မွန်မြေလူ့အခွင့်အရေးအဖွဲ့ (HRUFM)ထံမှ သိရသည်။

အဆိုပါလူငယ်များမှာ ပြီးခဲ့သည့်စက်တင်ဘာလ ၄ ရက်နေ့မှ ၉ ရက်နေ့အတွင်း စစ်တပ်နှင့်ရဲက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ထားဝယ်အကျဉ်းထောင်အတွင်း၌ ထိန်းသိမ်းထားကြောင်း ယမန်နေ့(စက်တင်ဘာလ ၁၃ ရက်)တွင် HRUFM အဖွဲ့က ထုတ်ပြန်သည်။

ဖမ်းဆီးခံရသည့်လူငယ်များမှာ အသက် (၁၈)နှစ်မှ အသက် (၂၀)ကျော်အရွယ်ရှိသူအများစုပါဝင်နေပြီး ၎င်းတို့အား နိုင်ငံရေး ပုဒ်မဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)ဖြင့် တရားစွဲဆိုကာ ထားဝယ်အကျဉ်းထောင် အထူးတရားရုံးတွင် စစ်ဆေးနေကြောင်း HRUFM အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ထားဝယ်မြို့ပေါ်မှာ အခုလ  ပထမအပတ်ထဲ အဖမ်းခံနေရတာ လူငယ်တွေများတယ်။ ယောက်ျားလေးတွေသာမက မိန်းကလေးငယ်တွေလည်း အဖမ်းခံရတာရှိတယ်။ အဓိက စစ်ကောင်စီကို ဆန့်ကျင်လှုပ်ရှားမှုကြောင့်နဲ့ မတရားဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။ စစ်တပ်နဲ့ရဲအဖွဲ့တွေက အိမ်တွေကို ဧည့်စာရင်းစစ်ရင်းနဲ့ဖြစ်ဖြစ်၊ လမ်းမှာတွေ့လို့ ရှာဖွေစစ်ဆေးရင်းနဲ့ အဖမ်းခံနေရတာပါ။ ဖမ်းဆီးခံထားရတဲ့လူငယ်တွေကို ထားဝယ်အကျဉ်းထောင်ကို ပို့ပြီးတော့ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးနေတယ်လို့ မိသားစုတွေထံကသိရတယ်”ဟု HRUFM အဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၉ ရက်နေ့ ညအချိန်တွင် ထားဝယ်မြို့တွင်းရှိ ရပ်ကွက်များအတွင်းသို့ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အင်အားအများအပြားဖြင့် ဧည့်စာရင်းစစ်ဆေးခြင်းနှင့် မြို့တွင်းရှိ လမ်းမများပေါ်တွင် ရှာဖွေစစ်ဆေးရေးပြုလုပ်နေစဉ် နိုင်ငံရေးတက်ကြွလှုပ်ရှားသည့်လူငယ်များ ဖမ်းဆီးခံခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။

ထားဝယ်မြို့ခံတစ်ဦးက “ဧည့်စာရင်းစစ်တာ သိပ်မကြာသေးဘူး။ တစ်ပတ်လောက်ပဲရှိသေးတယ်။ ဖုန်းတွေလည်း ယူစစ်တယ်။ မြို့ထဲကလမ်းပေါ်မှာလည်း စစ်တပ်နဲ့ ရဲတွေက မသင်္ကာရင် ခေါ်စစ်ဆေးတာတွေ့ရတယ်။ အဲဒီမှာ လူငယ်လေးတွေ အဖမ်းခံရတာတွေ့ခဲ့ရတယ်”ဟု ဆိုသည်။

ထိုသို့ဖမ်းဆီးမှုများအတွင်း စက်တင်ဘာလ(၄)ရက်နေ့ ညပိုင်းတွင် ထားဝယ်မြို့ ညောင်တောင်ရပ်ကွက်အတွင်းသို့ ကားဖြင့်မောင်းနှင်ဝင်ရောက်လာသည့် အသက်(၂၀)နှစ်ကျော်အရွယ် လူငယ်သုံးဦး ဖမ်းဆီးခံခဲ့ရသည်။ စက်တင်ဘာ ၉ ရက်နေ့တွင်လည်း အသက်(၁၈)နှစ်အရွယ် မောင်အောင်ကိုကိုနှင့် အသက်(၂၀)အရွယ် ကိုဟိန်းဇော်အောင်တို့နှစ်ဦးကို နေအိမ်သို့ လာရောက်ဖမ်းဆီးမှုအပါအဝင် မြို့တွင်းတွင် ရှာဖွေစစ်ဆေးရေးပြုလုပ်ပြီး ဖမ်းဆီးခံရသည့် လူငယ်(၂၅)ဦးတို့ဖြစ်ကြောင်း HRUFM အဖွဲ့ထံမှ သိရသည်။

ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက “အဖမ်းခံရတာလည်း မသိရဘူး။ ပျောက်နေတယ်လို့ပဲ သိတယ်။ အချိန်ကြာမှ လိုက်စုံစမ်းတော့ ထောင်ထဲကို ရောက်နေပြီ ဆိုတာ သိရတာ။ ကျန်းမာရေးက အစ အရမ်း စိတ်ပူမိတယ် ” ဟု ပြောသည်။

ထားဝယ်မြို့နယ်တွင် အာဏာသိမ်းပြီးချိန်မှာ ယနေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ကြောင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးရေ (၃၀၀) ကျော် ဖမ်းဆီးခံထားရပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံထားရကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်အဖွဲ့ထံမှသိရသည်။

ဗီဒီယိုများ