ရွေးကောက်ပွဲကို ရခိုင်က စစ်ဘေးရှောင်များ စိတ်ဝင်စားမှုအားနည်း

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်များသည် စားဝတ်နေရေး၊ ကျန်းမာရေး စသည့် အခက်အခဲ အမျိုးမျိုးကြောင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို စိတ်ဝင်စားရန် အချိန်မရဖြစ်နေကြကြောင်း စစ်ဘေးရှောင်များက ဆိုကြသည်။

By မင်းထွန်း 09 Jul 2020

ကျောက်တော်မြို့ သာသနာ့ဗိမာန်၌ ခိုလှုံနေသည့် စစ်ဘေးရှောင်များအား မေလအတွင်းက တွေ့ရစဉ်။

မင်းထွန်း | DMG
ဇူလိုင် ၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်များသည် စားဝတ်နေရေး၊ ကျန်းမာရေး စသည့် အခက်အခဲ အမျိုးမျိုးကြောင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို စိတ်ဝင်စားရန် အချိန်မရဖြစ်နေကြကြောင်း စစ်ဘေးရှောင်များက ဆိုကြသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်၊ မီးလက်ဝကျေးရွာမှ စစ်တွေမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသူ ဦးရွှေမြက “ကျနော်တို့က ရွေးကောက်ပွဲကို ခေါင်းထဲမှာထည့်ပြီးတော့ စဉ်းစားဖို့အချိန်မရ ဖြစ်နေတယ်။ တိုက်ပွဲ ကာလမှာအသက်လုပြီး ဘေးအန္တရာယ်ကိုကာကွယ်ပြီးတော့ တိမ်းရှောင်နေရတဲ့အတွက် အဲဒီရွေးကောက်ပွဲကို ထည့်ပြီးစဉ်းစားဖို့ အချိန်မရဖြစ်နေတယ်”ဟု ပြောသည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။

သို့သော် စစ်ဘေးရှောင်များသည် မိမိနေရပ်ကိုစွန့်ခွာပြီး စစ်ဘေးဒုက္ခသည်ဘဝဖြင့် နေထိုင်နေရသည့်အတွက် ရွေးကောက်ပွဲကို စိတ်မဝင်စားကြောင်း ကျောက်တော်မြို့နယ် တင်းမကျေးရွာမှ ဦးအောင်ညွန့်သိန်းကဆိုသည်။

“ရွေးကောက်ပွဲလုပ်မယ်ဆိုတာက အေးအေးချမ်းချမ်းနဲ့ ကိုယ့်အိမ်၊ ကိုယ့်ယာနဲ့ဆိုရင် စိတ်ဝင်စားလို့ရတယ်။ အခုက ကိုယ့်အိမ်၊ကိုယ့်ယာလဲမရှိဘူး၊ ကိုယ့်နေရာ ကိုယ့်ဒေသလည်းမရှိဘူး။ လယ်ယာလုပ်ငန်းတွေလည်း တခုမှ မလုပ်ရဘူးဆိုတော့ ကျနော်တို့နေရတာ၊ ထိုင်ရတာတွေက ဒုက္ခဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဖြစ်လျှင် စစ်ဘေးရှောင်များ မဲပေးနိုင်ရန်အတွက် မဲရုံ များကို အဆင်သင့်ပြင်ဆင်ထားကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ဆိုသည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်၌ မဲရုံပေါင်း ၂၆၀၀ ခန့်လျာထားပြီး မဲပေးမည့်လူဦးရေစာရင်း ၁၆ သိန်းကျော်ရှိကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေး ဒုက္ခသည်ဦးရေ နှစ်သိန်းခန့်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ဇူလိုင်လ ၇ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ