အဖမ်းခံထားရသည့် တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း မျက်စိဝေဒနာခံစားနေရ၍ ဆေးကုသရန်လိုအပ်

မြန်မာစစ်တပ်ကဖမ်းဆီးပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် လူမှုရေး၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်းမှာ မျက်စိဝေဒနာခံစားနေရသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြသည်။

14 Jul 2022

ဖမ်းဆီးခံထားရသည့် ကိုဇော်ဝင်း

DMG ၊ ဇူလိုင် ၁၄

မြန်မာစစ်တပ်ကဖမ်းဆီးပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် လူမှုရေး၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်းမှာ မျက်စိဝေဒနာခံစားနေရသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြသည်။

ကိုဇော်ဝင်းမှာ နဂိုကပင် ဖုန်းအသုံးပြုမှုများသောကြောင့် မျက်စိနှင့်ပတ်သက်ပြီး ဆေးခန်းမကြာခဏပြသခဲ့ရသည်။ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှထွက်လာစဉ်တွင် မျက်စိနှစ်ဘက်စလုံး မှုန်ဝါးသွားသည်ဟု ဇူလိုင်လ ၅ ရက်နေ့က ရဲစခန်းတွင်တွေ့ဆုံစဉ် ပြောဆိုသည်ဟု ဇနီးဖြစ်သူ ဒေါ်ခင်လှဇံကပြောသည်။

“မျက်စိကနှစ်ဖက်စလုံး ဖြစ်နေတာပါ။ ညာဘက်မျက်စိက အများကြီးဖြစ်နေတာလို့တော့ ပြောပါတယ်။ စစ်ကြောရေးက ထွက်လာကတည်းကနေ မျက်စိက အဲလိုဖြစ်နေတာလို့တော့ပြောပါတယ်။ စစ်ကြောရေးမှာ မျက်စိစည်းထားတွေကြောင့်ထင်တယ်။ ညာဘက်မျက်စိက အမည်းလုံးကို တစ်ခုခုဖုံးနေသလိုမျိုး ရှင်းရှင်းလင်းလင်း မမြင်ရဘူးတဲ့။ အသက်လည်းကြီးလာပြီလေ။ သူ့မှာလည်း ရောဂါအမျိုးမျိုးရှိတော့ စိုးရိမ်တာပေါ့”ဟု ၎င်းကပြောသည်။

မျက်စိမှာ အရေးကြီးသော အစိတ်အပိုင်းဖြစ်သဖြင့် မျက်စိအထူးကုဆေးခန်းတွင်သာ ဆေးကုသမှုခံယူချင်သောကြောင့် မျက်စိအခြေအနေကို ကျောက်တော်မြို့မရဲစခန်းမှူးကို အသိပေးထားသည်ဟု ဒေါ်ခင်လှဇံက ဆက်ပြောသည်။

“ဆေးခန်းတော့ မပြရသေးဘူး။ ကျမယောကျာ်းကတော့ မျက်စိအခြေအနေ သိပ်ဆိုးလာမှ တောင်းဆိုမယ်လို့တော့ပြောပါတယ်။ အခုတော့ စခန်းမှူးကိုတော့ အသိပေးထားပါတယ်။ မျက်စိဆိုတာ အရေးကြီးတယ်လေ။ ဆေးခန်းတွေမှာထက် မျက်စိအထူးကုတွေနဲ့ ပြချင်ပါတယ်”ဟု သူကဆိုသည်။

ကျောက်တော်ဒေသခံများဖြစ်သည့် ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်း၊ ဦးကျော်သန်းမောင်၊ ကိုဇော်မိုးထက်တို့ကို မြန်မာစစ်တပ်က ဇွန်လ ၂၁ ရက်နေ့ကဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးခဲ့ပြီး ဇူလိုင်လ ၁၃ ရက်နေ့တွင်ရုံးထုတ်ခဲ့သည်။

၎င်းတို့၏လက်ကိုင်ဖုန်းထဲတွင် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်ပုံများတွေ့ရှိသောကြောင့် တရားစွဲဆိုသည်ဟု ရဲစခန်းကပြောထားသော်လည်း ကိုဇော်ဝင်းကိုမူ မည်သည့်အတွက်ကြောင့်တရားစွဲသည်ကို မသိရှိရသေးပေ။

“ဘာကြောင့် ဖမ်းပြီးတရားစွဲဆိုတာ မသိရပါဘူး။ အဲဒီ ၅၀၅(က) တစ်ခုတည်းပဲသိရတာပါ။ ကျမကို ဘာအကြောင်းပြချက်လည်း မပေးဘူး။ ဘာမှလည်းမပြောဘူး။ ဘာကြောင့်တရားစွဲလဲ ကျမလည်း မပြောတတ်ဘူး”ဟု ဇနီးဖြစ်သူ ဒေါ်ခင်လှဇံက ပြောသည်။

ထို့အတူ ကိုဇော်ဝင်းနှင့်အတူ ဖမ်းဆီးခံရသည့် ကျောက်တော်ဒေသခံ ဦးကျော်သန်းမောင်တွင် သွေးတိုးအခံရှိသောကြောင့် ဇူလိုင်လ ၈ ရက်နေ့က ဆေးကုသမှုခံယူခဲ့ရသည်။

ရက္ခိုင့်တပ်တော်(AA)သည် ၎င်းတို့တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်က ဖမ်းဆီးနေသည်ဟု အကြောင်းပြချက်ဖြင့် ဇွန်လအတွင်းတွင် စစ်သားများနှင့်ရဲတပ်ဖွဲ့ဝင် ၁၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ မြန်မာစစ်တပ်ကလည်း အရပ်သား ၅၀ ခန့်ကို တန်ပြန်ဖမ်းဆီးလိုက်ပြီး ၎င်းတို့အခြေအနေနှင့်ပတ်သက်ပြီးလည်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

ဗီဒီယိုများ