ပုဒ်မ-၅၀၅(ခ)နှင့် တရားစွဲဆိုခံထားရသည့် သံတွဲဒေသခံ ကိုဟန်မျိုးသူရိန်ကို လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချမှတ်မည်

ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(ခ)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် သံတွဲမြို့နယ်ဒေသခံ ကိုဟန်မျိုးသူရိန်၏အမှုကို ယခုမတ်လ ၂၁ ရက်နေ့တွင် စွဲချက်အမိန့်ချမှတ်ရန် ရုံးချိန်းထားကြောင်း မိသားစုထံမှသိရသည်။

14 Mar 2022

DMG ၊ မတ် ၁၄

ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(ခ)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် သံတွဲမြို့နယ်ဒေသခံ ကိုဟန်မျိုးသူရိန်၏အမှုကို ယခုမတ်လ ၂၁ ရက်နေ့တွင် စွဲချက်အမိန့်ချမှတ်ရန် ရုံးချိန်းထားကြောင်း မိသားစုထံမှသိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက သံတွဲမြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုတွင် ဖမ်းဆီးခံရသူများ လွတ်မြောက်ရေးဆောင်ရွက်ရာ၌ ရဲတပ်ဖွဲ့ကိုတားဆီးခဲ့သည်ဟုဆိုကာ ကိုဟန်မျိုးသူရိန်ကို သံတွဲမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းက တရားလိုပြုလုပ်၍ ပုဒ်မ-၅၀၅(ခ)ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။

ထိုသို့အမှုဖွင့်ခံထားရ၍ ကိုဟန်မျိုးသူရိန်မှာ တိမ်းရှောင်နေခဲ့ရာမှ ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။

ကိုဟန်မျိုးသူရိန်၏အမှုတွင် လိုပြသက်သေ ၄ ဦးအား ယနေ့ရုံးချိန်းတွင်စစ်ဆေးခဲ့ပြီး မတ်လ ၂၁ ရက်ရုံးချိန်းတွင် နှစ်ဖက်လျောက်လဲချက်နှင့်အတူ စွဲချက်အမိန့်ပါချမှတ်ရန်ချိန်းဆိုထားကြောင်း ကိုဟန်မျိုးသူရိန်၏ အစ်မဖြစ်သူ မမျိုးတင်ဇာထွန်းကပြောသည်။

"လိုပြသက်သေတွေအကုန်လုံးကို ဒီနေ့စစ်လို့ပြီးစီးသွားပါပြီ။ အခုလာမယ့်ရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲချက်ပေးပြီး တစ်ခါတည်း စွဲချက်အမိန့်ပါချမယ်လို့ တရားရုံးကရုံးချိန်းခေါ်ထားတယ်"ဟု ၎င်းကဆိုသည်။

လက်ရှိ ကိုဟန်မျိုးသူရိန်ကို သံတွဲအကျည်းထောင်တွင်ထားရှိပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း မိသားစုထံမှ သိရသည်။

ကိုဟန်မျိုးသူရိန်သည် ဒေသအတွင်း အရပ်ဖက်အဖွဲ့အစည်းများတွင် တက်ကြွစွာပါဝင်လုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး NGO အဖွဲ့အစည်းများတွင်လည်း လူ့အခွင့်အရေးသင်တန်းများကို ပို့ချနေသူဖြစ်သည်။

ဗီဒီယိုများ