ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်းတွင် ထပ်မံ၍ ကိုရင်တစ်ပါး ကိုဗစ်ပိုးတွေ့၊ စစ်ဘေးရှောင်များ စားဝတ်နေရေး အခက်ခဲဖြစ်နေကြ

စစ်တွေ မြို့နယ် ရွှေပြည်သာရပ်ကွက်၌ စစ်ဘေးရှောင်များ ခိုလှုံနေကြသည့် ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းတွင် ထပ်မံ၍ ကိုရင်တစ်ပါး ကိုဗစ်-၁၉ ပိုးတွေ့ရှိ၍ Lock down ရက် တိုးမြှင့်လိုက်၍ စစ်ဘေးရှောင်များ၏ စားဝတ်နေရေး အခက်ခဲဖြစ်နေကြသည်။

By မျိုးသီရိကျော် 17 Dec 2020

မျိုးသီရိကျော် | DMG
ဒီဇင်ဘာ ၁၇ ၊ စစ်တွေ

စစ်တွေ မြို့နယ် ရွှေပြည်သာရပ်ကွက်၌ စစ်ဘေးရှောင်များ ခိုလှုံနေကြသည့် ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းတွင် ထပ်မံ၍ ကိုရင်တစ်ပါး ကိုဗစ်-၁၉ ပိုးတွေ့ရှိ၍ Lock down ရက် တိုးမြှင့်လိုက်၍ စစ်ဘေးရှောင်များ၏ စားဝတ်နေရေး အခက်ခဲဖြစ်နေကြသည်။

စစ်ဘေးရှောင် ၁၅၀ ကျော် ခိုလှုံနေသည့် အဆိုပါ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ထံတွင် ဒီဇင်ဘာ ၈ ရက်နေ့က ကိုဗစ်-၁၉ပိုးတွေ့ရှိခဲ့ပြီးနောက် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အသက် ၁၇ အရွယ် ကိုရင်တစ်ပါးထံမှ ထပ်မံ၍ ပိုးတွေ့ရှိခဲ့သည်။

ထိုသို့ ပိုးတွေ့ရှိ၍ ကျောင်းတိုက်တစ်ခုလုံးကို အသွားလာကန့်သတ်ထားလိုက်၍ စစ်ဘေးရှောင်များမှာ ကျန်းမာရေး၊ စားဝတ်နေရေး၊ နေရာထိုင်ခင်း၊ သောက်သုံးရေ စသည့် အကျပ်အတည်းများနှင့် ကြုံတွေ့နေရကြောင်း အဆိုပါကျောင်းမှ အသျှင်အဂ္ဂပဏ္ဍိက DMG ကို မိန့်ကြားသည်။

“စစ်ဘေးရှောင်တွေ အတွက်တော့ WFP နဲ့ အရပ်ဖက်အဖွဲ့တွေကတော့ နည်းနည်း ထောက်ပံ့ပေးထားတာ ရှိတယ်။ ဒါပေမယ့် ဒီကာလမှာ အလိုအပ်ဆုံးက နေရာထိုင်းခင်းပါ။ အဆောင်တစ်ခုလုံးမှာ ရောပြီးတော့ အကုန်လုံး နေထိုင်နေရတယ်။ ကျန်းမာရေးအတွက်တော့ စိုးရိမ်မိတယ်။ အလုပ်အကိုင်ထွက်မလုပ်ရတော့ ငွေရေးကြေးရေးတွေလည်း အကုန်လုံး အခက်အခဲဖြစ်ပြီပေါ့” ဟု အသျှင်အဂ္ဂပဏ္ဍိက ဆက်၍ မိန့်ကြားသည်။

လက်ရှိအချိန်၌ ကိုဗစ်-19 ပိုးတွေ့ရှိခဲ့သည့် ကျောင်းထိုင်ဆရာတော်နှင့် ကိုရင်တို့မှာ ဘုန်းတော်ကြီးကျောင်း၌ Home Quarantine အဖြစ် နေထိုင်လျှက်ရှိကြောင်း သိရသည်။

ထို့နောက် စစ်ဘေးရှောင်များအား ကျန်းမာရေးဌာနမှ ကိုဗစ် ရောဂါပိုး ရှိ၊မရှိ စစ်ဆေးရာ စစ်ဘေးရှောင် အားလုံးတွင် Negative ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

“ကလေး၊ လူကြီး ပူးကပ်ပြီး အကုန်လုံး နေနေရတော့ ကျန်းမာရေးအတွက် တော်တော်လေး စိတ်ပူရတယ်။ သက်ကြီးတွေအတွက် ဆေးတွေလိုအပ်နေပါတယ်။ အနွေးထည်တွေလည်း လာရောက်လှူဒါန်းပေးတာ တစ်ယောက်မှ မရှိသေးဘူး။ ပိုက်ဆံမရှိတာကြောင့် အဆင်ပြေသလို လုပ်နေရတာ အခုက အသွားအလာ ကန့်သတ်လိုက်တော့ ဘာတစ်ခုမှလုပ်လို့မရတော့ဘူး”ဟု ယင်းစစ်ဘေးရှောင်စခန်းမှ ဦးဦးဘသိန်းက ပြောသည်။

အဆိုပါစခန်း၌ မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝ စသည့်မြို့နယ်များက ဒေသခံများ လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း တည်ငြိမ်နေသည့်အတွက် စစ်ဘေးရှောင် သုံးထောင် ကျော်ခန့်မှာ မိမိနေရပ်သို့ပြန်သွားကြပြီး  စစ်ဘေးရှောင်ဦးရေ တစ်သိန်းကိုးသောင်းကျော်သာ ကျန်ရှိ တော့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။

ဗီဒီယိုများ