အမိန့်ချရန် တစ်နှစ်ကျော်ကြာမြင့်လာသည့် အိုင်ဒင်ရွာသားနှစ်ဦးအမှုကို အမိန့်ချမည့်ရက် ထပ်မံရွှေ့ဆိုင်းခံရ

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွသား နှစ်ဦး၏အမှုကို အမိန့်ချမည့်ရက်ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ရှေ့နေထံမှသိရသည်။

02 Jun 2022

DMG ၊ ဇွန် ၂

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွသား နှစ်ဦး၏အမှုကို အမိန့်ချမည့်ရက်ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ရှေ့နေထံမှသိရသည်။

ယနေ့(ဇွန်လ ၂ ရက်)တွင် အဆိုပါအမှုကို အမိန့်ချမှတ်ရန် စစ်တွေခရိုင်တရားရုံးမှချိန်းဆိုထားသော်လည်း အဆင်သင့်မဖြစ်သေးဟု အကြောင်းပြချက်ဖြင့် ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။

"အမှုတစ်ခုကို အပြီးသတ်လျှောက်လဲချက်ပေးပြီးလို့ရှိရင် အမြန်ဆုံးအမိန့်ချရဖို့ ညွှန်ကြားထားတယ်။ သို့သော် အမိန့်ချဖို့အတွက် အမှုတွဲကို လေ့လာနေတယ်လို့ပြောတယ်”ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က DMG သို့ပြောသည်။

အိုင်ဒင်ကျေးရွာသားနှစ်ဦး၏အမှုတွင် သက်သေများကိုစစ်ဆေးပြီးဖြစ်ကာ အမိန့်ချမှတ်ရန်ရုံးချိန်းများရွှေ့ဆိုင်းနေသည်မှာ ရုံးချိန်းပေါင်း ၃၂ ကြိမ်အထိရှိလာပြီဖြစ်သည်။ နောက်ထပ်ရုံးချိန်းကို ဇွန်လ ၁၅ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ရှေ့နေထံမှ သိရသည်။

အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေး(၂၅ နှစ်)နှင့် ကိုမောင်စောအေး(၃၂)နှစ်တို့မှာ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက စစ်တွေမြို့နယ်မှ မိမိတို့ကျေးရွာသို့သွားစဉ် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည်။

၎င်းတို့နှစ်ဦးကို စစ်တွေမြို့၊ အမှတ်(၉၀၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီး အောင်ဖြိုးမြင့်က တရားလိုပြုလုပ်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀(ည)၊ ၅၂(က)တို့နှင့် တရားစွဲဆိုထားသည်။

အဆိုပါပုဒ်မများဖြင့် တရားရင်ဆိုင်နေရသည်မှာ ၂ နှစ်ခန့်ကြာမြင့်လာပြီဖြစ်သဖြင့် အမြန်ဆုံးအမိန့်ချပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။

ကိုမောင်စောအေး၏ ဖခင် ဦးမောင်ဖြူချေက “အခုဆိုရင် ၂ နှစ်နဲ့ ၃ လ ဖြစ်နေပြီ။ မိသားစုကို သူတစ်ယောက်တည်းလုပ်ကျွေးနေတာ။ အခုလိုအဖမ်းခံနေရတော့ လုပ်ကျွေးဖို့လူလည်းမရှိလို့ ဒုက္ခဖြစ်နေတယ်”ဟု ဆိုသည်။

အလားတူ AA နှင့်ဆက်စပ်သည့်သံသယဖြင့် ၂ နှစ်ကျော်ကြာချုပ်နှောင်ခံထားရသည့် ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏အမှုကိုလည်း လေ့လာနေဆဲဖြစ်သည်ဟုဆိုကာ ယမန်နေ့က အမိန့်မချဘဲ နောက်ထပ်ရုံးချိန်းလိုက်သဖြင့် မိသားစုဝင်တို့က စိတ်ပျက်နေကြသည်။

လက်ရှိတွင် AA နှင့်ဆက်စပ်သံသယဖြင့် အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၇၀ ဦးခန့်ရှိနေသေးကြောင်း စာရင်းကောက်ယူထားသည့်အရပ်ဖက်အဖွဲ့အစည်းများမှ သိရသည်။

ဗီဒီယိုများ