Lock Down ချထားသည့် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် ကိုဗစ်ပိုးတွေ့လူနာ ၆ ဦး ထပ်တိုး

COVID-19 ပိုးတွေ့လူနာတစ်ဦးတေ့ွရှိခဲ့၍ lockdown ချထားသည့် မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် ကိုဗစ်ပိုးတွေ့လူနာ ၆ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

16 Jul 2021

DMG ၊ ဇူလိုင် ၁၆

COVID-19 ပိုးတွေ့လူနာတစ်ဦးတေ့ွရှိခဲ့၍ lockdown ချထားသည့် မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် ကိုဗစ်ပိုးတွေ့လူနာ ၆ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့က အမျိုးသမီးတစ်ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့ပြီးနောက် သံသယရှိသူ ၂၀၀ ခန့်ကို ယနေ့စစ်ဆေးခဲ့စဉ် ၆ ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စင်းဘောကိုင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးညီပုက ပြောသည်။

“အရင်ပထမတစ်ယောက်တွေ့ကတည်းက ကျွန်းတော်တို့ဆီမှာ လူတွေကို သပ်သပ်ခွဲထားတာတွေမရှိဘူး။ ဒီနေ့ ကျန်းမာရေးရေးဌာနကလာပြီး လူ ၂၀၀ လောက်ကိုစစ်ဆေးတယ်။ ပြီးတော့ တစ်နာရီလောက်အကြာမှာ ဒီလူတွေမှာ ပိုးတွေ့တယ်ဆိုပြီး လူခြောက်ယောက်ထွက်လာတာ” ဟု ဆိုသည်။

လက်ရှိတွင် အဆိုပါ ပိုးတွေ့လူနာခြောက်ဦးကို စစ်ဘေးရှောင်စခန်းအတွင်းရှိ စာသင်ကျောင်းတွင် သီးခြားခွဲထားကာ ကျန်းမာရေးဝန်ထမ်းတချို့လွှတ်ပေးမည်ဟု စခန်းကိုလာရောက်စစ်ဆေးခဲ့သည့် ကျန်းမာရေးဝန်ထမ်းများမှ ပြောဆိုမှုခဲ့ကြောင်း ဦးညီပုက ပြောပြသည်။

“ပိုးတွေ့လူတွေအထဲမှာ အသက်လေးဆယ်ကျော်တစ်ယောက်နဲ့ ငါးငယ်ကျော်တစ်ယောက်ပါတယ်။ ဒီလူတွေကို ဆယ့်တစ်ရက်လောက်စောင့်ကြည့်ဖို့ပြောခဲ့တာတွေလည်းရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

ယနေ့မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်း တစ်ခုကိုသာစစ်ဆေးခဲ့ပြီး အခြားနေရာများတွင် စစ်ဆေးခဲ့ခြင်းမရှိခဲ့ကြောင်းနှင့် အဆိုပါစခန်းတွင် ပိုးတွေ့လူနာခြောက်ဦး တွေ့ရှိခဲ့သည်မှာ မှန်ကန်ကြောင်း မြောက်ဦးမြို့နယ် ကျန်းမာရေးမှူး ကိုမျိုးလှိုင်က ဆိုသည်။

Lock Down ချထားသည့် အဆိုပါ စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာ ဆယ်ရက်စာသာကျန်ရှိကြောင်းနှင့် အခြားရိက္ခာများ မရှိတော့ကြောင်း စခန်းတာဝန်ခံဦးညီပုက ပြောသည်။
“အရင်တုန်းကဆိုရင် စခန်းအပြင်ကိုထွက်ပြီး ငါးတွေ၊ဟင်းတွေရှာလို့ရသေးတယ်။ အခုကကျတော့ ဘာမှမရှာစားရတော့ အဲဒါတွေပါ ငတ်မယ့်အခြေနေမှာရှိနေတယ်” ဟု ပြောသည်။

စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့တွင် COVID-19 ပိုးတွေ့ရှိခဲ့ပြီးနောက် အဆိုပါ စခန်းကို Lock Down ချခဲ့ခြင်းလည်းဖြစ်သည်။

ဇူလိုင်လ ၁၅ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါပိုးကူးစက်ခံရသူ ၁၁၄၈ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၂၉၃ ဦးနှင့် သေဆုံးသူ ၂၉ ဦးအထိရှိလာပြီဖြစ်သည်။

ဗီဒီယိုများ