ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များအား နေရပ်ပြန်ရန် စစ်ကောင်စီခေါ်ပြော

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအသီးသီး၌ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို နေရပ်ပြန်ကြရန် စစ်ကောင်စီမှ ၂ ကြိမ်တိတိ ခေါ်ယူပြောဆိုခဲ့ကြောင်းသိရသည်။

30 Sep 2021

DMG ၊ စက်တင်ဘာ ၃၀

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအသီးသီး၌ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို နေရပ်ပြန်ကြရန် စစ်ကောင်စီမှ ၂ ကြိမ်တိတိ ခေါ်ယူပြောဆိုခဲ့ကြောင်းသိရသည်။

စက်တင်ဘာလ(၂၂)ရက်နေ့က စစ်ဘေးရှောင်စခန်းတာဝန်ခံများကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ပထမတစ်ကြိမ်ခေါ်ယူပြောဆိုခဲ့ပြီး စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပလက်ဝမြို့ ခလရ (၂၈၉)တပ်ရင်းမှ ထပ်မံခေါ်ယူကာ နေရပ်ပြန်ခိုင်းခဲ့သည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံများက ပြောဆိုသည်။

"နေရပ်ပြန်ကြဖို့ပြောတာပေါ့။ တိုက်ပွဲကြောင့်ပျက်စီးသွားတဲ့ ရွာကအိမ်တွေကိုပြုပြင်ဖို့အတွက် ထောက်ပံ့ပေးဖို့ ငွေကျထားတယ်
ပြောတယ်။ ဘယ်နေ့၊ဘယ်ရက်ပြန်ရမယ်ဆိုတာကိုတော့ စစ်ဘေးရှောင်တွေကတော့ တစ်ယောက်နဲ့တစ်ယောက်သဘောထားမတူဘူးပေါ့။ ပြန်မဲ့သူတွေရှိသလို မပြန်ချင်တဲ့သူတွေလည်း ရှိကြတယ်"ဟု အမည်မဖော်လိုသည့် စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတစ်ဦးက DMG သို့ ပြောသည်။

စစ်ဘေးများထဲမှ အချို့မှာ မိမိဒေသသို့ပြန်သွားကာ လုပ်ကိုင်စားသောက်လိုသော်လည်း အချို့မှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် စားဝတ်နေရေးခက်ခဲမည်ကို စိုးရိမ်သည့်အတွက် မပြန်ချင်သူများလည်း ရှိနေကြကြောင်းသိရသည်။

ယင်းကြောင့် စစ်ဘေးရှောင်များအား နေရပ်ပြန်ပို့မည်ဆိုပါက ရေကြောင်းလမ်းများကို ဖွင့်ပေးစေလိုကြောင်း ပလက်ဝမြို့၊ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် ကိုကျော်မိုးလင်းက ဆိုသည်။

"လူတပိုင်းတစကျန်ခဲ့တဲ့ရွာတွေဆိုရင်တော့ ပြန်လို့ရတာပေါ့။ကျနော်တို့လို တရွာလုံးပြေးလာရတဲ့နေရာတွေဆိုရင် ပြန်လို့အဆင်မပြေဘူး။ ရွာကိုရောက်သွားရင်လည်း လုပ်ကိုင်စားသောက်စရာဘာမှမရှိဘူး။ လမ်းပန်းဆက်သွယ်ရေးကလည်း ပိတ်ထားတော့ စားဝတ်နေရေး၊ ဆေးဝါးစတဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့အခက်အခဲတွေရှိလာနိုင်တယ်"ဟု ၎င်းကပြောသည်။

လက်ရှိမှာ စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့နယ်အပါအဝင် မြို့နယ်(၈)မြို့နယ်ကို စက်တင်ဘာလ ၂၃ ရက်နေ့မှစ၍ အင်တာနက်ဖြတ်တောက်ထားသဖြင့် ဒေသခံများသတင်းသိရှိရန် အခက်အခဲဖြစ်နေကြသည်။

ပလက်ဝမြို့၊ စိုက်ပျိုးရေးကျောင်းတွင်နေထိုင်နေသည့် မီးလက်ဝကျေးရွာမှ စစ်ဘေးရှောင်ဒေါ်မချေက ကျေးရွာအနီးရှိ ဂျပန် ဘုရားတောင်နဲ့ နတ်ကျောက်တောင်တို့တွင် စစ်တပ်က တပ်စွဲထားသည့်အတွက် မပြန်ရဲကြောင်းပြောသည်။

"သူတို့တွေရှိနေတော့ တိုက်ပွဲတွေထပ်ဖြစ်လာမှာကိုကြောက်တယ်။ မိုင်းကိုလည်းစိုးရိမ်တယ်။ တကယ်လို့ မိုင်းမရှင်းပေးရင် ပြန်လို့မရဘူး။ ပြီးတော့ ရွာပြန်သွားရင် လယ်လုပ်စားဖို့အတွက် နွားတွေလည်း တစ်ကောင်မှမရှိတော့ဘူး"ဟု ဒေါ်မချေကပြောသည်။

ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များ နေရပ်ပြန်ရန်ပြောဆိုမှုနှင့် ပတ်သက်ပြီး ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးကို DMG မှ ဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပါ။

မြန်မာစစ်တပ်နှင့် ရခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ပလက်ဝမြို့နယ်တွင် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ (၇)ထောင်ကျော်အထိရှိခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ