တိုင်းရင်းသားဒေသများတွင် အရပ်သားများ မတရားသတ်ဖြတ်ခံရခြင်းများအပေါ် အမှန်တရားပေါ်ပေါက်စေရန် ဂျပန်တွင်ဆန္ဒပြတောင်းဆို

မြန်နိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသများ၌ တပ်မတော်က အရပ်သားပြည်သူ့များအား မတရားသတ်ဖြတ်ခြင်း များအပေါ် အမှန်တရားပေါ်ပေါက်ရေးနှင့် တရားမျှတမှုရှိစေရန် ဇူလိုင် ၂၃ ရက်နေ့က ဂျပန်နိုင်ငံတိုကျိုမြို့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

By ဝင်းညွန့် 23 Jul 2020

ဝင်းညွန့် | DMG
ဇူလိုင် ၂၃ ၊ စစ်တွေ

မြန်နိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသများ၌ တပ်မတော်က အရပ်သားပြည်သူ့များအား မတရားသတ်ဖြတ်ခြင်း များအပေါ် အမှန်တရားပေါ်ပေါက်ရေးနှင့် တရားမျှတမှုရှိစေရန် ဇူလိုင် ၂၃ ရက်နေ့က ဂျပန်နိုင်ငံတိုကျိုမြို့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ANDP-japan)၊ ကရင်အဖွဲ့အစည်း(OKOJ)နှင့် ကချင်အဖွဲ့အစည်း (KNO-japan)အဖွဲ့ ၃ ဖွဲ့ကဦးဆောင်ပြီး ချင်း၊ ရှမ်း၊ မွန် စသည့်တိုင်းရင်းသားတို့ပါဝင်ကာ ယင်းသို့ ဆန္ဒပြတောင်းဆို ခဲ့ခြင်းဖြစ်သည်။

“အဓိကတော့ တပ်မတော်က အမျိုးသမီးတွေကိုအဓမ္မစော်ကားတာတွေရှိတယ်။ နောက်ပြီးတော့ လူအခွင့် အရေးချိုးဖောက်မှုတွေရှိတယ်။ အရပ်သားတွေကို မတရားသတ်ဖြတ်နှိပ်စက်တွေရှိတယ်။ အဲဒါတွေကို ပွင့်လင်း မြင်သာသည့် အမှန်တရားပေါ်ပေါက်စေရေးအတွက် ဆန္ဒပြတောင်းဆိုတာဖြစ်ပါတယ်” ဟု ရခိုင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(ANDP-japan) ဥက္ကဋ္ဌ ကိုဘုန်းမြင့်က DMG သို့ပြောသည်။

ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာတွင် အမျိုးသမီးတစ်ဦးအား တပ်မတော်သား (၃)ဦးက  အဓမ္မပြုကျင့်ခဲ့ခြင်း အပေါ် အမှန်တရားပေါ်ပေါက်အောင် ဆောင်ရွက်ပေးရေးကို ဆန္ဒပြရာတွင် တောင်းဆိုခဲ့ကြသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သား (၃)ဦးကို တပ်တွင်းစစ်ဆေးမှုများပြုလုပ်နေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီက ဧရာဝတီသတင်းဌာနသို့ ဖြေကြားထားသည်။

ထို့အပြင် ကရင်ပြည်နယ် ဒွယ်လိုးမြို့နယ် ပိုလိုးထားရွာသူ အမျိုးသမီးတစ်ဦးအား တပ်မတော်သား (၂) ဦးသည် ဇူလိုင် ၁၆ ရက်နေ့က သေနတ်ဖြင့်ပစ်သတ်ကာ ရွှေဆွဲကြိုးနှင့် နားကပ်တစ်ရံ လုယက်သွားကြောင်းသိရသည်။

အလားတူ ယင်းပြည်နယ် ဘားအံမြို့နယ် မဲဘောင်ကျေးရွာ၌ ဇူလိုင် ၁၉ ရက်နေ့တွင် အမည်မသိအမျိုးသား ၂ ဦးက အမျိုးသမီးတစ်ဦးအား ပစ္စတိုဖြင့်ပစ်ခတ်ခဲ့၍ အမျိုးသမီးမှာ ဝဲဘက်နံဘေးရှပ်ထိဒဏ်ရာ မစိုးရိမ်ရ ရရှိ ခဲ့ကြောင်း တပ်မတော်မှထုတ်ပြန်ထားသည်။

OKOJ ခေါင်းဆောင် ကိုစိုးလင်းစိန်ကမူ “ကရင်ပြည်သူတွေသတ်ဖြတ်ခံရပြီး လူ့အခွင့်အရေးချိုးဖေါက်တဲ့ မြန်မာတပ်မတော်ကို အရေးယူပေးဖို့တောင်းဆိုတယ်” ဟု ဆိုသည်။

မြန်မာ့တပ်မတော်သည် ကရင်ပြည်နယ် တပ္မဟာနယ်မြေတွင် Covid – 19 ကာလအတွင်း ကျန်းမာရေး စစ်ဆေးရေးဂိတ်များအား ဝင်ရောက်ဖျက်ဆီးပြီး ကျေးရွာများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်းတို့ကို ရှုံ့ချကြောင်း OKOJ ကဆိုသည်။

ယင်းအပြင် ကချင်အဖွဲ့အစည်း (KNO japan) ခေါင်းဆောင်ကိုဒွဲဂျာက စစ်အာဏာရှင်ဖြုတ်ချရေးနှင့် ကချင် ဆရာမအား စစ်တပ်ကစော်ကားသတ်ဖြတ်ခဲ့မှု အမှန်တရားရရှိရေးအတွက် တောင်းဆိုသည်။

ဆန္ဒပြရာတွင် တိုင်းရင်းသားအဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့နှင့် ပလက်ဝမြို့နယ်တို့တွင် မိုဘိုင်းအင်တာနက်ချက်ချင်းပြန်ဖွင့်ပေးရေး၊ စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနာသည့် အထောက် အပံ့များနှင့် လုံခြုံစွာနေထိုင်နိုင်ရေး ကာကွယ်စောင့်ရှောက်ပေးရေး၊ ၂၀၀၈ ဥပဒေအား ဖျက်သိမ်းပြီး အသစ် ပြန်လည်ရေးဆွဲရေး၊  စစ်မှန်သော ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းရေး စားပွဲပေါ်တွင် အဖြေရှာဆွေးနွေးရေးတို့ကို တောင်းဆိုခဲ့ကြသည်။

ထို့ပြင် အယ်ဒီတာများနှင့်သတင်းထောက်များကို စွဲဆိုထားသည့် အမူများကို ပြန်လည်ရုပ်သိမ်း ပေးကာ ဒေသဆိုင်ရာ အင်တာနက်သတင်းစာမျက်နှာ (Website)များကို ပြန်လည်ဖွင့်လှစ်ပေးပြီး ပြည်တွင်း ပြည်ပသတင်းထောက်များ လွတ်လပ်စွာသတင်းရယူခွင့်ပြုရေးတို့ကိုလည်း တောင်းဆိုခဲ့သည်။

ဗီဒီယိုများ