မိမိတို့၏ မျိုးရိုးဇစ်မြစ်ကို သတိရကြရန် တရုတ်က တောင်ကိုရီးယားနှင့် ဂျပန်ကို ပြောကြား

ရှန်တုန်ပြည်နယ် ချင်းတောင်မြို့တွင် ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်သည့် သုံးနိုင်ငံဆွေးနွေးပွဲ၌ တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဝမ်ယီက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

By Admin 04 Jul 2023

တရုတ်နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲ ဝမ်ယီ။ ဓာတ်ပုံ - AFP
တရုတ်နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲ ဝမ်ယီ။ ဓာတ်ပုံ - AFP

မိမိတို့၏ ‘ဇစ်မြစ်’ကို အမှတ်ရကြရန်နှင့် အနောက်၏လွှမ်းမိုးမှုကို တွန်းလှန်ကြရန် တောင်ကိုရီးယားနှင့် ဂျပန်တို့အား တရုတ်ထိပ်တန်းသံတမန် ဝမ်ယီက ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်၌ ဖော်ပြထားသည်။

ရှန်တုန်ပြည်နယ် ချင်းတောင်မြို့တွင် ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်သည့် သုံးနိုင်ငံဆွေးနွေးပွဲ၌ တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဝမ်ယီက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အနောက်ပါဝါများသည် နိုင်ငံများအကြား အယူအဆရေးရာ မတူညီမှုများအပေါ် ရည်ရွယ်ချက်ရှိရှိ အမြတ်ထုတ်နေကြသည်ဟု သူကပြောကြားကြောင်း တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်းမ် သတင်းဌာနက ဖော်ပြသည်။

ဥရောပသားများနှင့် အမေရိကန်များသည် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ကို ခွဲခြားမသိကြကြောင်းလည်း ဝမ်ယီကပြောကြောင်း ဂလိုဘယ်တိုင်းမ်က ဖော်ပြသည်။

“ဆံပင်ကို ဘယ်လောက်ပဲ အဝါဆိုးဆိုး၊ နှာခေါင်းတွေ ဘယ်လောက်ပွဲ ချွန်ချွန် ကျွန်တော်တို့ဟာ အနောက်တိုင်းသား ဖြစ်မသွားပါဘူး” ဟု သူကပြောကြားသည်။

“ကျွန်တော်တို့ရဲ့ ဇစ်မြစ်က ဘယ်မှာလဲဆိုတာ ကျွန်တော်တို့သိရပါမယ်” ဟု ဝမ်ယီက ဆိုသည်။

အမေရိကန်က ဂျပန်၊ တောင်ကိုရီးယားတို့နှင့် စစ်ရေး၊ ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းအောင် ဆောင်ရွက်နေမှုအပေါ် တရုတ်ဘက်က မကျေနပ်မှုများ မြင့်တက်လာနေချိန်၌ ယခုကဲ့သို့ ဝမ်ယီ၏ မှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လက တောင်ကိုရီးယားဆိုင်ရာ တရုတ်သံအမတ်ကြီးသည် တောင်ကိုရီးယား အတိုက်အခံသမားတစ်ဦးနှင့် တွေ့ဆုံပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးသည် အလွန်အမင်း ကျဆင်းနေကြောင်း ညဉ်းညူခဲ့သလို ဆိုးလ်သည် ပြည်ပ၏လွှမ်မိုးမှုကို ခံနေရကြောင်းလည်း ပြောကြားခဲ့သည်။ အဆိုပါပြောကြားမှုများ ပြီးနောက် ဆိုးလ်အစိုးရက တရုတ်သံအမတ်ကို ဆင့်ခေါ်ခဲ့သည်။

တရုတ်သည် ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ရေများကို ပင်လယ်ထဲသို့ စွန့်ပစ်မည့် ဂျပန်၏ အစီအစဉ်ကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

ဗီဒီယိုများ