ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာပြတ်တောက်နေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား စသည့် စားနပ်ရိက္ခာများပြတ်တောက်နေကြောင်း စခန်းတာဝန်ခံထံမှ သိရသည်။

02 Aug 2021

DMG ၊ သြဂုတ် ၂

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား စသည့် စားနပ်ရိက္ခာများပြတ်တောက်နေကြောင်း စခန်းတာဝန်ခံထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့ကတည်းက စားနပ်ရိက္ခာများပြတ်လပ်နေခြင်းဖြစ်ပြီး လက်ရှိတွင် ပရဟိတအဖွဲ့အစည်း နှစ်ခုမှ လာရောက်လှူဒါန်းမှုထားသည့်အတွက် အနည်းငယ်အဆင်ပြေနေသော်လည်း ဆန်အပါအဝင် တခြားရိက္ခာများမှာ လိုအပ်ချက် ရှိနေကြောင်း စခန်းတာဝန်ခံ ဦးဝင်းလှအောင်ကပြောသည်။

“ဆန်တစ်ခုတည်းရတော့ ရတဲ့ဆန်ကို ငါးဝယ်ဖို့လိုတဲ့အတွက် ရောင်းရတာတွေရှိတယ်။ သက်ကြီးရွယ်အိုတွေဆိုရင်လည်း ဟင်းတွေမခူးနိုင်ဆိုတော့ ဟင်းအတွက်လည်း အဲဒီဆန်တွေကိုရောင်းပြီး စားရတာတွေရှိတယ်။ ဆိုတော့ ဆန်အပါအဝင် တခြားရိက္ခာတွေလည်းလိုအပ်တယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်များမှာ ယခင်ကအပြင်ထွက်၍ ငါး၊ဟင်းတို့ကိုရှာဖွေပြီး စားဝတ်နေရေးကိုဖြေရှင်းခဲ့ကြသော်လည်း လက်ရှိတွင် ကိုဗစ်ရောဂါကြောင့် အပြင်မထွက်ရသည့်အတွက် ရှိသည့်ဆန်တချို့ကိုရောင်းချပြီး စားသောက်နေရသည်ဟု စစ်ဘေးရှောင် ဦးစံထွန်းလှက ပြောသည်။

 “ကျနော်တို့ ဒီကိုဗစ်ရောဂါတွေကြောင့် အပြင်ကိုလည်းထွက်လို့မရဘူး။ ဆိုတော့ အပြင်ကငါးတွေ၊ဟင်းတွေ ရှာဖို့အတွက် အဆင်မပြေဘူး။ အဲဒီအတွက်ကြောင့် ဒီဆန်ကပဲ သုံးနေရတယ်” ဟု ပြောသည်။

အဆိုပါကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းကို လူကယ်ပြန်ဌာနမှ စားနပ်ရိက္ခာများ တစ်လစာထောက်ပံ့မှုများရှိသည်ဟုလည်း သိရသည်။

သို့သော် ထောက်ပံ့သည့် လေးပတ်စာထဲမှ တစ်ပတ်စာကို ရိက္ခာသယ်ယူစရိတ်အဖြစ် အသုံးပြုနေရသည့်အတွက် စစ်ဘေးရှောင်များမှာ ရိက္ခာများပြတ်တောက်ခြင်းနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်ဟု စခန်းတာဝန်ခံဦးဝင်းလှအောင်ကပြောသည်။

“လူကယ်ပြန်က ရိက္ခာတွေကို တစ်လအတွက်လေးပတ်စာ ပေးတယ်။ လူကယ်ပြန်ကပေးတဲ့ ရိက္ခာတွေကို သယ်ယူစရိတ်တွေက မပါဘူး။ အဲတော့ စက်လှေစရိတ်၊ ကားစရိတ်တွေ တင်ပို့ခတွေအတွက် တစ်ပတ်စာဖြတ်ရတယ်။ အဲဒါအတွက် စစ်ဘေးရှောင်တွေဟာ သုံးပတ်စာပဲရကြတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါစစ်ဘေးရှောင်စခန်းကို ယခင်က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ တစ်လလျှင် လူတစ်ဦးစီကို ငွေတစ်သောင်းခွဲကျပ် ထောက်ပံ့ပေးမှုများရှိခဲ့သော်လည်း လက်ရှိတွင် WFP မှ ထောက်ပံ့မှုမရရှိသည်မှာ (၂)လကျော်အထိရှိသွားပြီဖြစ်ကြောင်း စခန်းတာဝန်ခံထံမှ သိရသည်။

ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု (၂၅၅) စု၊ လူဦးရေ (၈၇၁)ဦးရှိပြီး မြေပုံမြို့နယ်အတွင်းမှ ညောင်ကန်၊ဟင်းခရော်စသည့်ကျေးရွာများနှင့် အမ်းမြို့နယ်အတွင်းမှ ဆင်ဦးဒိုက်၊ ဒါးလက်၊ သရက်ပင်ချောင်း စသည့်ကျေးရွာများမှ လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

ဗီဒီယိုများ