ကရင်နီစစ်ဘေးရှောင်များ သောက်သုံးရေနှင့် စားနပ်ရိက္ခာရရှိရန် ခက်ခဲနေ

ကယား(ကရင်နီ)ပြည်နယ်တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာနှင့် သောက်သုံးရေရရှိရန် အခက်အခဲဖြစ်နေကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

30 Mar 2022

Photo - KNDF

DMG ၊ မတ် ၃၀

ကယား(ကရင်နီ)ပြည်နယ်တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာနှင့် သောက်သုံးရေရရှိရန် အခက်အခဲဖြစ်နေကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

ကရင်နီစစ်ဘေးရှောင်များအနေဖြင့် နွေရာသီပူပြင်းမှုနှင့်အတူ စားနပ်ရိက္ခာများနှင့် သောက်သုံးရေရရှိရန် အခက်ကြုံတွေ့နေရကြောင်း ကရင်နီစစ်ဘေးရှောင်များ ကူညီရေးဆောင်ရွက်နေသူတစ်ဦးမှ DMG ကိုပြောသည်။

"စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့သောက်သုံးရေ အရေးတကြီးလိုအပ်လာပါတယ်။ တိုက်ပွဲပြင်းထန်တဲ့အတွက် နေအိမ်ကစွန့်ခွာရတယ်။ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်လည်း ထပ်ပြီးပြေးရပြန်တယ်။ အခုလိုအခြေအနေတွေကြောင့်ကော ရာသီဥတုပူပြင်းတာကပါ အခက်အခဲပိုဖြစ်ပေါ်စေတယ်"ဟု ၎င်းမှပြောသည်။

ကယား(ကရင်နီ)ပြည်နယ်၌ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံနှစ်သိန်းကျော်ရှိကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။

KNDF ပူးပေါင်းအဖွဲ့ဝင်တစ်ဦးမှ "ဒေသခံတွေအတွက် လိုအပ်တဲ့သောက်သုံးရေရရှိဖို့ ကူညီပေးနေတာတွေရှိတယ်။ လက်ရှိအဖွဲ့တွေဆီကတော့ ရရှိတဲ့စားနပ်ရိက္ခာတချို့ ပြန်ပြီးကူညီပေးတာရှိပါတယ်။ ဒါပေမဲ့ အခြေအနေကတော့ ခနပဲကူညီပေးနိုင်ဖို့ပဲရှိပါတယ်"ဟု ဆိုသည်။

ကယား(ကရင်နီ)ပြည်နယ်ရှိ ဒီးမော့ဆို၊ ဖရူဆိုနှင့် လွိုင်ကော်မြို့တို့၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေမှုကြောင့် ကားလမ်းမတချို့ကို KNDF ပူးပေါင်းအဖွဲ့မှ သွားလာခွင့်ယာယီပိတ်ထားမှုများရှိကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဗီဒီယိုများ