KNU တပ်မဟာ ၆ နယ်မြေ၌ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့မှုကြောင့် စစ်ဘေးရှောင်ရသူ ထပ်တိုးလာ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၌ မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်(BGF)နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်ဒေသခံနှစ်သောင်းကျော်နီးပါးအထိရှိလာကြောင်း ကရင်ဒေသခံစစ်ဘေးရှောင် ကူညီရေးအဖွဲ့များထံမှသိရသည်။

25 Mar 2022

Photo Credit - ကရင်လူ့အခွင့်အရေးအဖွဲ့(KHRW)

DMG ၊ မတ် ၂၅

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၌ မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်(BGF)နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်ဒေသခံနှစ်သောင်းကျော်နီးပါးအထိရှိလာကြောင်း ကရင်ဒေသခံစစ်ဘေးရှောင် ကူညီရေးအဖွဲ့များထံမှသိရသည်။

KNU တပ်မဟာ(၆)နယ်မြေဖြစ်သည့် ကော့ကရိတ်၊ မြဝတီ မြို့အနီး လေးကေ့ကော်၊ ရသေ့ဂူ၊ ဖလူးလေး၊ ဝေါလေအပါအဝင် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ ပြီးခဲ့သည့်မတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၄ ရက်နံနက်ပိုင်းအချိန်အထိ တိုက်ပွဲထပ်မံဖြစ်ပွားနေကြောင်း KNU တပ်မဟာ(၆)နှင့်နီးစပ်သူတစ်ဦးမှ DMG ကိုပြောသည်။

"KNU တပ်မဟာ(၆)နယ်မြေတွေမှာ တိုက်ပွဲတွေထပ်ပြီးဖြစ်လာတယ်။ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနဲ့ ဝေါလေ ဒေသမှာဆို ပိုပြီးပြင်းထန်နေပါတယ်။ တိုက်ပွဲဖြစ်နေတာ ၃ ရက်ကြာရှိနေပြီ"ဟု ၎င်းမှပြောသည်။

ပြီးခဲ့သည့်မတ်လ ၂၁ ရက်နေ့ ည ၅ နာရီအချိန်၌ KNU တပ်မဟာ(၆)နယ်မြေဖြစ်သည့် မြဝတီမြို့ မောခီးကျေးရွာရှိ မြန်မာစစ်တပ်စခန်း ခလရ(၃၂)သို့ KNLA ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

ထိုသို့နှစ်ဖက်စစ်ရေးတင်းမာမှုနှင့်အတူ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားမှုကြောင့် ဒေသခံများထပ်မံတိမ်းရှောင်ခဲ့ရပြီး စစ်ဘေးရှောင်အရေအတွက် နှစ်သောင်းကျော်နီးပါးအထိရှိလာပြီဖြစ်သည်။ စစ်ဘေးရှောင်များမှာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတစ်လျှောက်တွင်ခိုလှုံနေကြရကာ ရာသီဥတုဒဏ်ကြောင့် နေထိုင်စရာအပြင် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများစွာ အခက်အခဲဖြစ်ပေါ်နေကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ဘေးရှောင်ကူညီရေးလုပ်ကိုင်နေသူတစ်ဦးမှ ဆိုသည်။

"တိုက်ပွဲတွေက ဒီလထဲမှာပိုပြီးထပ်ဖြစ်လာတဲ့အတွက် ဒေသခံစစ်ဘေးရှောင်အရေအတွက်ကပိုများလာတယ်။ အထူးသဖြင့် နယ်စပ်သောင်ရင်းမြစ်ကမ်းအနီးမှာ လာခိုလှုံကြရတာရှိလာတယ်။ တလောက မိုးတွေလေတွေကြမ်းတဲ့အတွက် တဲတွေပြိုကျတာတွေရှိတယ်။ ဆေးဝါးတို့၊ စားနပ်ရိက္ခာတွေ၊ အဝတ်အစားနဲ့ နေထိုင်ဖို့ကအစ တော်တော်လေးကိုအခက်အခဲရှိလာပါတယ်။ နေထိုင်ဖို့ကအစ တော်တော်လေးကိုအခက်အခဲရှိလာပါတယ်"ဟု ၎င်းမှဆိုသည်။

လက်ရှိအချိန်အထိ KNU တပ်မဟာ(၆)နယ်မြေများတွင် တိုက်ပွဲပြင်းထန်မှုကြောင့် လေးကေ့ကော်၊ ဝေါလေ၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးမြို့နယ်များ၌ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုများဖြစ်ပေါ်နေကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဗီဒီယိုများ