ရခိုင်က ခရီးသည်တစ်ဦးကို မဖွယ်မရာပြောဆိုမှုဖြင့် တပ်မတော်သားတစ်ဦးကို စစ်စည်းကမ်းအရ အရေးယူမည်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဧပြီလ ၆ ရက်နေ့၊ နေ့လယ်ပိုင်းက ခရီးသည်အမျိုးသမီးတစ်ဦးကို လုံခြုံရေးတာဝန်ကျ စစ်သည်တစ်ဦးက မဖွယ်မရာပြောဆိုခဲ့သောကြောင့် စစ်စည်းကမ်းအရ အရေးယူ သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၇ ရက်နေ့က သတင်းထုတ်ပြန်သည်။

08 Apr 2020

ခင်သရဖီဦး | DMG
ဧပြီ ၈ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဧပြီလ ၆ ရက်နေ့၊ နေ့လယ်ပိုင်းက ခရီးသည်အမျိုးသမီးတစ်ဦးကို လုံခြုံရေးတာဝန်ကျ စစ်သည်တစ်ဦးက မဖွယ်မရာပြောဆိုခဲ့သောကြောင့် စစ်စည်းကမ်းအရ အရေးယူ သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၇ ရက်နေ့က သတင်းထုတ်ပြန်သည်။

ကျောက်တော်မြို့နယ်တွင် နယ်မြေခံတပ်ဌာနချုပ်မှ လမ်းမတော်ကွေ့နေရာ၌ AA ၏လှုပ်ရှားမှုများ၊ ယာဉ်ဝင်/ထွက်မှုများနှင့် မြို့လုံခြုံရေးအား စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ ထိုစဉ် စစ်သည်တစ်ဦးက ခရီးသွားအမျိုးသမီး ၁ ဦးအား ကာယိန္ဒြေပျက်ပြားအောင် မဖွယ်မရာ ပြောဆိုခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသဖြင့် တာဝန်ရှိသူများမှ ဖြစ်စဉ်မှန်ကန်မှု ရှိ/မရှိ စိစစ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဖြစ်စဉ်အား စိစစ်ခဲ့ရာတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်သား အောင်ကျော်သိန်းမှ ယင်းသို့ မဖွယ်မရာ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တပ်သားအောင်ကျော်သိန်းအား စစ်စည်းကမ်းအရ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနေ့က ဒေါက်တာစောမင်းအောင်သည် ဇနီးနှင့်အတူ မြောက်ဦးသို့သွားရာတွင် တပ်သားတစ်ဦးက ကားမှန် ချထားသည့် ပြတင်းပေါင်ပေါ်ကို လက်တင်ပြီး “အစ်မကြီးကိုထားခဲ့ပါလား”၊ “အစ်မကြီးကို ကြည့်ရတာ ကျန်နေ ခဲ့ချင်ပုံရတယ်”ဟု ပြောဆိုခဲ့သည်။ ထို့ကြောင့် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အဆိုပါအကြောင်းကို ရေးသားပြီး ယင်းကိစ္စကို အရေးယူပေးရန် တောင်းဆိုခဲ့သည်။

“ဒီလိုမျိုး နောက်ထပ်မဖြစ်စေချင်ဘူး”ဟု ဒေါက်တာစောမင်းအောင်က DMG သို့ ယနေ့ နေ့လယ်ပိုင်းက ပြော သည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းကစတင်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်( AA)တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

ဗီဒီယိုများ