ကျောက်တော်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဂစ္ဆပနဒီတံတား အနီးတစ်ဝိုက်တွင် ယနေ့ မတ်လ (၂၀) ရက်နေ့၊ နံနက်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား(၂)ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံက သိရသည်။

By နှင်းနွယ် 20 Mar 2020

နှင်းနွယ် | DMG
မတ်လ ၂၀ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဂစ္ဆပနဒီတံတား အနီးတစ်ဝိုက်တွင် ယနေ့ မတ်လ (၂၀) ရက်နေ့၊ နံနက်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား(၂)ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံက သိရသည်။

ဒဏ်ရာရရှိခဲ့သူများမှာ ကျောက်တော်မြို့နယ်၊ ပိုက်သည်ရပ်ကွက်တွင်နေထိုင်သူ ဦးချစ်စိန် (၅၃)နှစ်နှင့် ဝက်မှိုင်းကျေးရွာနေ ဦးကျော်စံ (၆၀)နှစ်ခန့်တို့ ဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ ဂစ္ဆပနဒီတံတားနှင့် တစ်မိုင်ခန့်ဝေးကွာသည့် ပိန္နဲချောင်းဖက်ရှိ လခြမ်းမြီဆန်စက်အတွင်း အလုပ်လုပ်နေချိန်၌ ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ကျောက်တော်ပရဟိတအသင်း အဖွ့ဲဝင်တစ်ဦးဖြစ်သည့် ဦးညီပုက DMG သို့ပြောသည်။

“သူတို့နှစ်ယောက်က လခြမ်းမြီဆိုတဲ့ ဆန်စက်မှာ အလုပ်လုပ်ပြီး နေကြတာ။ သူတို့ထဲက တစ်ယောက်က ညစောင့်လုပ်နေတာ။ နောက်တစ်ယောက်ကတော့ စက်ဆရာပေါ့။ လက်နက်ကြီးက ဆန်စက်ကိုကျပြီးတော့ သူတို့တွေကို ထိသွားတာ။ နောက်ထပ်ဆန်စက်ထဲမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ထားတဲ့ နေရာတွေ၊ လက်နက်ကြီးကျထားတဲ့ နေရာတွေလည်း အများကြီးပဲ”ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဦးချစ်စိန်ဆိုသူမှာ ခြေထောက်တွင် ဒဏ်ရာရရှိသွားပြီး ဦးကျော်စံမှာ ကျောကုန်းတွင် ဒဏ်ရာရရှိသွားသည်။ ဦးချစ်စိန်တွင် ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု ဦးညီပုက ပြောသည်။

ယခုကဲ့သို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲသည့်အတွက် အရပ်သားထိခိုက်ဒဏ်ရာရရှိခြင်းမှာ မှန်ကန်ပြီး ၎င်းအနီးအနားတွင် တိုက်ပွဲဖြစ်ပွားခြင်း ရှိ၊မရှိကို အတည်မပြုနိုင်သေးကြောင်း ကျောက်တော်မြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက DMG သို့ပြောသည်။

“လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့အတွက် အရပ်သားတွေ ဒဏ်ရာရရှိသွားတာတော့ ဟုတ်တယ်။ လက်နက်ကြီးကျလို့ ဂစ္ဆပနဒီတံတားလည်း နည်းနည်းပျက်စီးသွားတယ်လို့ ကြားတယ်။ အဲဒီအနီး အနားတစ်ဝိုက်မှာ ဒီနေ့မနက် တိုက်ပွဲဖြစ်ပွားတာတွေ ရှိ၊မရှိကိုတော့ အတည်ပြုပေးဖို့တော့ ခက်တယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကာလအတွင်း ပစ်ခတ်ခံရမှု၊ ကျည်ဆံထိမှန် မှု၊မိုင်းပေါက်ကွဲမှုတို့ကြောင်းအရပ်သား (၁၃၀)ကျော်သေဆုံးကာ ဒဏ်ရာရရှိသူ (၃၆၀)ကျော်ရှိသည်ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)ထံက သိရသည်။

ဗီဒီယိုများ