ကျောက်တော်ပစ်ခတ်မှုတွင် အမျိုးသမီးတစ်ဦးဒဏ်ရာရှိပြီး အိမ်တစ်ချို့ပျက်စီး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိကျေးရွာအနီးတွင် ဇန်နဝါရီလ ၅ ရက်နေ့၊ ညနေ(၄)နာရီကျော်ခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိသွားကာ နေအိမ်(၆)လုံးပျက်စီးသွားသည်ဟု ဒေသခံများထံက သိရသည်။ 

By မင်းထွန်း 06 Jan 2020

မင်းထွန်း | DMG
ဇန်နဝါရီ ၆၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိကျေးရွာအနီးတွင် ဇန်နဝါရီလ ၅ ရက်နေ့၊ ညနေ(၄)နာရီကျော်ခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိသွားကာ နေအိမ်(၆)လုံးပျက်စီးသွားသည်ဟု ဒေသခံများထံက သိရသည်။

ကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားရာတွင် ကျေးရွာတွင်းသို့ လက်နက်ကြီးကျည်ကျရောက်လာသဖြင့် နေအိမ်တွင် ထမင်းစားနေသည့် အသက် (၂၀)နှစ်အရွယ် မဦးဝင်းအေး ဒဏ်ရာရရှိသွားကာ နေအိမ်အချို့ပျက်စီးခဲ့ခြင်းဖြစ်သည်ဟု ဒဏ်ရာရှိသူ၏ ဖခင် ဦးကျော်ညွှန့်တင်က ပြောသည်။

“သူ့ဒဏ်ရာကတော့ ညာဘက် နို့အုံဘက်မှာ တစ်ချက်၊ အဲဒီဒဏ်ရာက နည်းနည်းပြင်းထန်တယ်။ နောက်ပြီးတော့ မှေးစေ့မှာ နည်းနည်းလောက် ထိသွားတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဒဏ်ရာရအမျိုးသမီးကို ကျောက်တော်မြို့ဆေးရုံသို့ ပို့ဆောင်ထားကာ ဆေးကုသမှုခံယူနေရသည်။

ပစ်ခတ်မှုများကြောင့် နေအိမ် (၂)လုံး အကြီးအကျေပျက်စီးသွားကာ တခြားနေအိမ်များမှာ အနည်းငယ်ပျက်စီးသွားသည်ဟု နေအိမ်ပျက်စီးသွားသည့် ဒေါ်မယေက ပြောသည်။

“ မနေ့က (မဟာမြတ်မုနိ)ဘုရားဘက်က နေပြီးတော့ ပစ်သံကြားပါတယ်။ ပစ်သံကြားတဲ့အခါ ထမင်းစားဖို့လုပ်နေတာမှာ ဗြုန်း-ဗြုန်းပစ်တော့ ထမင်းစားဖို့လည်း မရလိုက်ဘူး။ ကျမတို့ သားမိသုံးယောက်က ဝပ်နေရတယ်။ ကိုယ့်အသက်အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ တတ်နိုင်သလောက် ကျမတို့လည်း အထဲမှာဝင်နေပါတယ်။ အဲဒီအချိန်မှာ လက်နက်ကြီးကျလာတာပါ” ဟု သူက ဆိုသည်။

ထိုပစ်ခတ်မှုမှာ မဟာမုနိဘုရားသို့ လွန်ခဲ့သည့် ဇန်နဝါရီလ (၄)ရက်နေ့က ရောက်ရှိလာသည့် တပ်မတော်စစ်ကြောင်းတစ်ခုက ပစ်ခတ်မှုဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်ကို လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က ပြန်ပြောပြသည်။

“ မနေ့ကတော့ မဟာမုနိဘုရားအနီးမှာပေါ့နော် ပထမဆုံး မိုင်းတလုံးကွဲတယ်လို့ ကြားလိုက်တယ်။ အဲဒီမှာ တပ်ကတော့ ရွာဘက်ကိုပေါ့နော် လှမ်းပစ်တယ်လို့ကြားတယ်”ဟု ကျောက်တော်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ဗီဒီယိုများ