ကျောက်တော်မြို့ထဲ ပစ်ခတ်မှုဖြစ်ပွား၍ ကလေးမိခင်တစ်ဦးသေဆုံးပြီး အမျိုးသားသုံးဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ထဲမှာ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက်ပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပတ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် ကလေးမိခင်တစ်ဦးသေဆုံးသွားပြီး အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။

By အောင်ထိန် 03 Feb 2020

 

အောင်ထိန် | DMG
ဖေဖော်ဝါရီ ၃၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ထဲမှာ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက်ပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပတ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် ကလေးမိခင်တစ်ဦးသေဆုံးသွားပြီး အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။

ပစ်ခတ်မှုများကြောင့် ပိုက်သည်ရပ်ကွက်မှ အသက် ၂၅ နှစ်အရွယ် မအေးအေးခိုင် သေဆုံးသွားပြီး ပြည်တော်သာရပ်ကွက်မှ အသက် (၁၉)နှစ်အရွယ် မောင်စောဖြူ၊ အသက် (၆၇)နှစ်အရွယ် ဦးမောင်စောလှ နှင့် အသက် (၄၁)နှစ်အရွယ် ဦးကျော်သိန်းထွန်းတို့ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

နံနက်ပိုင်းက မြို့ထဲမှာ ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီးနောက်ပိုင်း မဟာကံကြီးရှင်ဘုရားအနီးမှာ ယာယီစခန်းချထားသည့် တပ်မတော်၏ ပစ်ခတ်မှုများကြောင့် သေဆုံး၊ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ဦးကျော်သိန်းထွန်း၏ ဇနီး ဒေါ်လှလှရီက စွပ်စွဲပြောသည်။

“ဘုရားကြီးမှာစစ်သားတွေရှိတယ်။ အဲဒီစစ်သားတွေကပစ်တာ။ သူတို့ပစ်လို့လက်နက်ကြီးကျတာ။ လက်နက်ကြီးသုံးကြိမ်လောက်ပစ်တယ်။ ပြီးတော့ လက်နက်ငယ်တွေနဲ့လည်းပစ်သေးတယ်” ဟု ၎င်းကဆိုသည်။

ပစ်ခတ်မှုကြောင့် ဦးကျော်သိန်းထွန်းမှာ လိင်အင်္ဂါနှင့်ဆီးခုံမှာ ဒဏ်ရာရရှိသွားပြီး ဦးမောင်စောလှမှာ ညဘက်ကျောကုန်းမှာ ဒဏ်ရာရရှိသွားသည်။ ယင်းအပြင် မောင်စောဖြူမှာ ညဘက်တင်ပါးမှာ ဒဏ်ရာရရှိသွားသည်။

ယင်းသုံးဦးအနက် ဒဏ်ရာပြင်းထန်သူ ဦးကျော်သိန်းထွန်းကို စစ်တွေဆေးရုံသို့ပို့ဆောင်လိုက်ပြီး တခြားသူများကို ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ထားသည်။

ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို AA က လာရောက်ပစ်ခတ်သောကြောင့် အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့သော်လည်း လူထိခိုက်၊ဒဏ်ရာရရှိမှုကို မသိဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

“အဲဒီမှာ အစိုးရအဆောက်အအုံတွေကို လုံခြုံရေးလုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေရှိတယ်။ ဘဏ်လုံခြုံရေးလုပ်နေတာရှိတယ်။ နောက်ပြီး မဟာကံကြီးရှင်ဘုရားနားမှာရှိတယ်။ အဲဒီနားမှာ လုံခြုံရေးလုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို AA က အနောက်ဘက်က လာပြီးတော့ပစ်တာ။ ဒီလိုလုပ်တာက သုံးကြိမ်လောက်ရှိပြီ။ ခဏခဏလာပစ်နေတယ်။ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို AA လာပစ်တာ။ ပစ်တဲ့အတွက်ကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာတော့ရှိတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အရပ်သားများ သေဆုံး၊ဒဏ်ရာရရှိသွားခြင်းမှာ မဟာကံကြီးရှင်ဘုရားတွင် လချီကြာမြင့်စွာ စခန်းချနေထိုင်နေသည့် မြန်မာ့တပ်မတော်၏ တပ်မ(၅၅)မှ အင်အား (၂၃၀)ခန့်ပါ စစ်ကြောင်းတစ်ခု၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်ဟု ရက္ခိုင့်တပ်တော်(AA)က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ