ရသေ့တောင်က စစ်ဘေးရှောင်တစ်ချို့ အခင်းမရှိသဖြင့် မြေကြီးပေါ်တွင် ကတ်ထူစာရွက်များခင်းပြီး အိပ်နေရ

ယခုရက်ပိုင်းတိုက်ပွဲများကြောင့် ရသေ့တောင်မြို့နယ်မြောက်ပိုင်း သမီးလှ၊ ပြိန်းတော၊ မညှင်းတောင်၊ အောင်ဇေယျ စသည့်ကျေးရွာများက ဒေသခံ (၃၀၀၀၀)ကျော်ခန့်မှာ မြို့ပေါ်ဘုန်းကြီးကျောင်းများတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းသို့ ခိုလှုံရန်ရောက်ရှိနေခြင်းဖြစ်သည်။

14 Feb 2020

(ဓာတ်ပုံ - မေယုထွန်း)

ခိုင်ရိုးလ | DMG
ဖေဖော်ဝါရီ ၁၃၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်သို့ စစ်ဘေးရှောင်များပြားစွာရောက်ရှိလာရာ နေထိုင်ရေးအခက်အခဲဖြစ်ပေါ်နေပြီး တစ်ချို့စစ်ဘေးရှောင်များမှာ အခင်းမရှိသဖြင့် မြေကြီးပေါ်တွင် ကတ်ထူစာရွက်များခင်းပြီး အိပ်စက်နေရသည်ဟု ကူညီကယ်ဆယ်ရေးပေးနေသူများက DMG သို့ပြောသည်။

ယခုရက်ပိုင်းတိုက်ပွဲများကြောင့် ရသေ့တောင်မြို့နယ်မြောက်ပိုင်း သမီးလှ၊ ပြိန်းတော၊ မညှင်းတောင်၊ အောင်ဇေယျ စသည့်ကျေးရွာများက ဒေသခံ (၃၀၀၀၀)ကျော်ခန့်မှာ မြို့ပေါ်ဘုန်းကြီးကျောင်းများတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းသို့ ခိုလှုံရန်ရောက်ရှိနေခြင်းဖြစ်သည်။

“ ဘုန်းကြီးကျောင်းဝင်းထဲမှာ တာပေါ်လိပ်တွေနဲ့ နေရာချပေးရပေမယ့်လည်း တာပေါ်လိပ်တွေ မရှိ၊ မလုံလောက်တာ၊ အခင်းတွေ မလုံလောက်တာတွေ ဖြစ်နေပါတယ်။ အခုလည်း အဲဒီအတိုင်းပဲ သမံတလင်းပေါ်မှာ မြေကြီးပေါ်မှာ အိပ်နေရတဲ့သူတွေရှိနေပါတယ်”ဟု ကူညီကယ်ဆယ်ရေးပေးနေသူ ကိုကျော်မင်းခိုင်က ပြောသည်။

ပဋိပတ္တိစည်ပင်သာယာကျောင်း စစ်ဘေးရှောင်စခန်းတွင် အောင်မြေကုန်း၊ ဗောဓိကုန်းစသည့်ကျေးရွာများမှ စစ်ဘေးရှောင်ဦးရေ ၂၅၀ ခန့်ခိုလှုံနေကြပြီး အခင်းမရှိဘဲ အိပ်နေရသူ (၁၀၀)ကျော်ခန့်ရှိသည်ဟု စခန်းတာဝန်ခံ ဦးအောင်စိုးမြက ဆိုသည်။

“ လူဦးရေ ၁၀၀ လောက်ဟာ လောလောဆယ် ဈေးဆိုင်ကနေ စက္ကူကတ်ထူတွေတောင်းပြီးတော့ တဲလေးတွေဆောက်ပြီး အမိုးအကာလုပ်ပြီးနေရတယ်။ အခင်းကမရှိပဲ အိပ်နေကြရတယ်” ဟု ၎င်းကပြောသည်။

(ဓာတ်ပုံ - မေယုထွန်း)

စစ်ဘေးရှောင်များအတွက် ယခင်က မြို့ပေါ်မှ ထောက်ပံ့ရေးအဖွဲ့အစည်းများက ကူညီထောက်ပံ့မှုများ ပြုလုပ်နေသော်လည်း စစ်ဘေးရှောင်ဦးရေ များပြားလာသောကြောင့် လုံလောက်သည့်ကူညီမှုများ မပေးနိုင်ပေ။ ထို့ပြင် အခြားကူညီထောက်ပံ့ရေးအဖွဲ့အစည်းများလည်း လာရောက်ထောက်ပံ့မှု နည်းပါးလာသောကြောင့် စစ်ဘေးရှောင်များ အခက်တွေ့နေရခြင်းဟု ဆိုကြသည်။

“ အခုလို ဆောင်းရာသီမှာ မြေကြီးပေါ်မှာ အိပ်စက်ရတဲ့အတွက် ကလေးတွေ၊ သက်ကြီးတွေ ဗိုက်အောင့်တာတွေ၊ နေမကောင်းဖြစ်တာတွေရှိနေတယ် ” ဟု ဦးအောင်စိုးမြကပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၁)သိန်းကျော် အထိရှိလာကာ စားဝတ်နေရေး၊ ပညာရေး စသည့်အခက်အခဲများ ဖြစ်ပေါ်နေသည်။

ဗီဒီယိုများ