တပ်မတော်ကဖမ်းဆီးသွားသည့် ကျောက်ဂူစုကျေးရွာသားအား အကြမ်းဖက်ဥပဒေနှင့် အမှုဖွင့်ထား

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာသားတစ်ဦးအား နေအိမ်အတွင်းမှ မိုင်းတွေ့ ရှိသည်ဟုဆိုကာ တပ်မတော်စစ်ကြောင်းမှဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ရဲစခန်းသို့အပ်နှံကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၀)(က)ဖြင့် အမှုဖွင့်ထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

By နှင်းနွယ် 09 Oct 2020

နှင်းနွယ် ၊ DMG
အောက်တိုဘာ ၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာသားတစ်ဦးအား နေအိမ်အတွင်းမှ မိုင်းတွေ့ ရှိသည်ဟုဆိုကာ တပ်မတော်စစ်ကြောင်းမှဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ရဲစခန်းသို့အပ်နှံကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၀)(က)ဖြင့် အမှုဖွင့်ထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

တပ်မတော်စစ်ကြောင်းတစ်ခုသည် စက်တင်ဘာလ ၂၇ ရက်နေ့က ကျောက်ဂူစုကျေးရွာအတွင်းသို့ ဝင်ရောက် လာကာ ကိုမောင်ပိန်အောင်အပါအဝင် ရွာသားနှစ်ဦးအား နေအိမ်မှဖမ်းဆီးကာ ဘုန်းကြီးကျောင်း၌ ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ထိုသို့ဖမ်းဆီးစစ်ဆေးနေချိန်အတွင်း တပ်မတော်သားများက ကိုမောင်ပိန်အောင်၏နေအိမ်ကိုလည်း စစ်ဆေး ခဲ့ရာ စပါးကျီမှမိုင်းတွေ့ရှိသည်ဟုဆိုကာ ဇနီးဖြစ်သူကိုပါခေါ်ယူစစ်ဆေးခဲ့ပြီး စစ်ကြောင်းပြန်ချိန်တွင် ကိုမောင်ပိန်အောင်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များက စက်တင်ဘာလ ၂၈ ရက်နေ့က ပြောဆိုထားသည်။

“အကြမ်းဖက်နဲ့တရားစွဲခံထားရတာကိုတော့ ဘယ်လိုကျေနပ်နိုင်မလဲ။ အခုဆို ကျမတို့မိသားစု စီးပွားရေးလည်း ပျက်ပြီ။ လယ်တွေ၊ယာခင်းတွေလည်း ဒီတိုင်းပစ်ထားရလို့ ပျက်စီးကုန်ပြီ။ ကျမတို့ သူမရှိဘဲ ဘယ်လိုလုပ်ကိုင် စားသောက်မလဲ” ဟု ကိုမောင်ပိန်အောင်၏ဇနီးဖြစ်သူ မမေထွီးချေကပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကမူ အဆိုပါကျေးရွာအတွင်းသို့ လုံခြုံရေးအရ ဝင်ရောက်ရှာဖွေစဉ် ဦးမောင်ပိန်အောင် အသက်(၃၆)နှစ်၏ တယ်လီဖုန်းအတွင်းမှ AA နှင့် ဆက်သွယ်ထားသော အချက် အလက်များတွေ့ရှိကြောင်း စက်တင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယင်းသို့ စစ်ဆေးတွေ့ရှိမှုကြောင့် ရပ်မိ၊ရပ်ဖများနှင့်အတူ ၎င်း၏နေအိမ်နှင့် ပတ်ဝန်းကျင်အနီးတစ်ဝိုက်အား ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်အနောက်ဘက်ရှိစပါးဂိုဒေါင်အတွင်းမှ စပါးခွံများဖြင့် ဖုံးအုပ်ထားသောအမြင့် ၅ လက်မ၊ အချင်း ၃ လက်မခန့်ရှိ ပလက်စတစ်ဗူးဖြင့်ပြုလုပ်ထားသော ဒေသန္တရလက်လုပ်မိုင်းတစ်လုံး (စနက်တပ်ဆင်လျက်)နှင့် ဝါးညှပ်နင်းမိုင်းတစ်ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။

သို့သော် မိသားစုဝင်များက ၎င်း၏နေအိမ်သို့တပ်မတော်သားများက ဝင်ရောက်ရှာဖွေခဲ့သည်မှာ မှန်ကန် သော်လည်း မိုင်းတွေ့ရှိသည်မှာ လုပ်ကြံခံရခြင်းသာဖြစ်ကြောင်း ငြင်းဆိုထားသည်။

လက်ရှိတွင် ကိုမောင်ပိန်အောင်မှာ ရိုက်နှက်စစ်ဆေးခံရမှုကြောင့် ခေါင်းကွဲဒဏ်ရာများနှင့် ရင်ဘတ်အောင့် ဒဏ်ရာတို့ကြောင့် ဆေးကုသမှုခံယူရန်လိုအပ်နေသော်လည်း ဆေးကုသခွင့်မရရှိကြောင်း ဇနီးဖြစ်သူ မမေထွီးချေက ဆက်ပြောသည်။

“သူ့ခေါင်းကခေါင်းကွဲဒဏ်ရာကို ဆေးလည်းမထည့်ထားဘူး။ ခြုပ်လည်းမခြုပ်ထားဘူး။ ဒီတိုင်း သွေးတွေနဲ့ ဆံပင် တွေနဲ့လူးနေတာ။ ရင်ဘတ်တွေလည်းအောင့်တယ်။ ထမင်းမစားနိုင်ဘူးပြောတဲ့အတွက် ကျမတို့က ရဲစခန်းက တာဝန်ရှိသူတွေဆီမှာ ခွင့်တောင်းတယ်။ သူ့ကိုဆေးရုံတင်ပြီး ကုချင်တယ်။ ဓာတ်မှန်လည်း ရိုက်ကြည့်ဖို့ လိုတယ်လို့ပြောတော့ သူတို့ကခွင့်မပြုဘူး။ ဒါကြောင့်ဆေးဆိုင်က ဆေးတွေပဲဝယ်ပြီးထားခဲ့ရတယ်’’ ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ကျောက်တော်မြို့မရဲစခန်းသို့ DMG က ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာဖြေကြားခြင်းမရှိခဲ့ပေ။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလထိ ကျောက်တော်မြို့နယ်အတွင်း အရပ်သား ဖမ်းဆီးခံရသူ (၁၀၅)ဦးထိရှိနေကြောင်း Center for rural research and development (CRRD)၏ စာရင်း အရသိရသည်။

ဗီဒီယိုများ