မြောက်ဦးတွင် CSO အဖွဲ့များမှ မြို့နယ်အတွင်းရှိစစ်ဘေးရှောင်စခန်းများကို စားနပ်ရိက္ခာ ၆ လတာ ထောက်ပံ့ပေးရန် စီစဉ်ထား

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဆန်၊ ဆီ၊ ဆား စသည့်အခြေခံစားနပ်ရိက္ခာများကို ၆ လတာအထိ ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

17 Aug 2021

DMG ၊ သြဂုတ် ၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဆန်၊ ဆီ၊ ဆား စသည့်အခြေခံစားနပ်ရိက္ခာများကို ၆ လတာအထိ ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးရာသီအတွင်း စစ်ဘေးရှောင်များအနေဖြင့် စားနပ်ရိက္ခာအခက်အခဲကြုံလာနေရသည့်အတွက် စစ်ဘေးရှောင်များမှ မြောက်ဦးမြို့ရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများကို အကူအညီတောင်းခံခဲ့သဖြင့် ယခုကဲ့သို့ထောက်ပံ့ရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း Mrauk-U CSO Network အဖွဲ့ဥက္ကဋ္ဌ ဦးဘညွန့်က ပြောသည်။

“စစ်ဘေးရှောင်တွေကို ရိက္ခာထောက်ပံ့ပေးနိုင်ဖို့ ပြီးခဲ့တဲ့နှစ်ရက်အကြာမှာ ဆွေးနွေးပြီးဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီကစပြီး အလှူငွေကောက်ခံတာတွေကိုလုပ်နေကြပြီဖြစ်တယ်။ လာမယ့် တနင်္ဂနွေနေ့ကစပြီး ထောက်ပံ့ရေး လုပ်ငန်းတွေကိုစပြီးလုပ်ဆောင်တော့မယ်”ဟု ဦးဘညွှန့်ကပြောသည်။

မြောက်ဦးမြို့ အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် စစ်ဘေးရှောင်စခန်းများတွင် တစ်အိမ်ထောင်လျှင် အနည်းဆုံး ဆန် နှစ်တင်း တစ်အိတ်၊ ပဲတစ်ပိဿာ၊ ဆီတစ်စည် စသဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ယင်း CSO အဖွဲ့များထံမှ သိရသည်။

ပြည်နယ်ကောင်စီမှ ထောက်ပံ့မှုဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များတိုးမြင့်လိုက်ခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်စခန်းများအား ဆန်နှင့်တခြားရိက္ခာများ လစဉ်ထောက်ပံ့နေသည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ ရိက္ခာထောက်ပံ့မှုများကို သြဂုတ်လ ၁၁ ရက်နေ့ကစပြီး ရပ်တန့်ထားခဲ့သည်။

ယင်းနောက်တွင် ICRC နှင့် ရခိုင်ပြည်နယ်ကောင်စီတို့ဆွေးနွေးပြီး ရခိုင်ပြည်အတွင်း ရိက္ခာထောက်ပံ့မှုများကို ပြည်နယ်စစ်ကောင်စီက ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ICRC မှ ရိက္ခာပြန်လည်ထောက်ပံ့သွားမည်ဖြစ်သော်လည်း မြောက်မြို့နယ်မှ CSO များသည် စစ်ဘေးရှောင်များအတွက် အခြားအခက်အခဲအမျိုးမျိုးဖြင့် ရိက္ခာပြတ်လပ်မှုမဖြစ်စေရေး ၆ လတာအထိ ရိက္ခာကူညီထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ICRC က ထောက်ပံ့မှုရှိလာရင်လည်း နိုင်ငံရေးအခြေအနေကပုံမှန်မပြောနိုင်ဘူး။ ဒါကြောင့် သူတို့(ICRC)အဖွဲ့မှာလည်း အကြားကာလအခက်အခဲအမျိုးမျိုးရှိနိုင်တယ်။ ကျွန်တော်တို့အဖွဲ့တွေက စစ်ဘေးရှောင်တွေကိုကူညီထောက်ပံ့ရေးအတွက် ပထမအနေနဲ့ လောလောဆယ်ခြောက်လလောက်လုပ်သွားမယ်လို့ သတ်မှတ်ထားကြတယ်” ဟု ဦးဘညွန့်ကဆိုသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ မြတန်ဆောင်း၊ စင်းဘောကိုင်း၊ တိန်ညို၊ မြို့သစ်၊ စေတီတောင်၊ မြို့ဦးခေါင်း၊ ကျောက်ရာဇ်ကေအပါအဝင် စုစုပေါင်းစစ်ဘေးရှောင်စခန်း ၃၀ ခန့်ရှိပြီး ယင်းစခန်းများမှာ ICRC မှ ထောက်ပံ့မှုဖြင့် ရပ်တည်နေခြင်းဖြစ်ကြောင်း သိရသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် စစ်ဘေးရှောင်များအတွက် ယခုကဲ့သို့ တစ်ဖက်တစ်လှမ်းက ဆောင်ရွက်မှုကို ကြိုဆိုကြောင်း မြောက်ဦးမြို့နယ် စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးစိုးနိုင်က ပြောသည်။

“ကျွန်တော်တို့ကတော့ ကောင်းတယ်လို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ICRC ထောက်ပံ့ပေးနေပေမယ့် လုံလောက်တဲ့အနေအထားတော့မဟုတ်ဘူး။ တစ်ခြားလိုအပ်တွေလည်းရှိသေးတယ်။ အခုလို CSO တွေပေါင်းပြီး လုပ်ဆောင်ကြတော့ပိုကောင်းတာပေါ့” ဟု ဦးစိုးနိုင်ကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်လာကြသည့်စစ်ဘေးရှောင်များထဲမှ လူဦးရေတစ်သိန်းကျော်မှာ လက်ရှိအချိန်ထိနေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသည်။

ဗီဒီယိုများ