တပ်မတော်စစ်ကြောင်း မိုင်းဆွဲခံရပြီးနောက် ပစ်ခတ်မှုဖြစ်ပွား၍ စစ်ဘေးရှောင်များအပါအဝင် ၂၂ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ထွက်လာသည့် တပ်မတော်စစ်ကြောင်းတစ်ခု တိမ်ညိုကျေးရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်မှုများဖြစ်ပေါ်၍ စစ်ဘေးရှောင်များအပါအဝင် အရပ်သား (၂၂)ဦးဒဏ်ရာ ရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

By ဝင်းညွန့် 13 Mar 2020

ဝင်းညွန့် | DMG
မတ် ၁၃၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ထွက်လာသည့် တပ်မတော်စစ်ကြောင်းတစ်ခု တိမ်ညိုကျေးရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်မှုများဖြစ်ပေါ်၍ စစ်ဘေးရှောင်များအပါအဝင် အရပ်သား (၂၂)ဦးဒဏ်ရာ ရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

ယနေ့ မတ်လ ၁၃ ရက်နေ့၊ နံနက် (၅)နာရီကျော်က ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ထိုပစ်ခတ်မှုကြောင့် တိမ်ညို စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် (၁၂)ဦး ဒဏ်ရာရရှိသွားသည်။ ၎င်းတို့အထဲတွင် ဒဏ်ရာ ပြင်းထန်သူ သုံးဦးပါဝင်သည်။

“ကျွန်တော်တို့ရွာ မြောက်ဘက် ၁ မိုင်ကျော်အကွာမှာ တပ်မတော်ကားတစ်စီး မိုင်းဆွဲခံရတယ်။ မိုင်းဆွဲခံရတော့ သူတို့က ကျေးရွာတွေကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်သွားတာ။ ဒဏ်ရာကတော့ ၁၂ ယောက် ရသွားတယ်။ ၃ ယောက်ကတော့ ဒဏ်ရာပြင်းထန်းတယ်။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး” ဟု တိမ်ညို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို DMG ကဆက်သွယ် ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ရက္ခိုင့်တပ်တော် (AA) ကို ဆက်သွယ်ခဲ့ရာတွင် တပ်မတော်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု မရှိကြောင်းနှင့် တိုက်ပွဲဖြစ်ပွားမှုလည်းမရှိဟု ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

ဒဏ်ရာရရှိသူများမှာ ဒေါ်မလှချေ(၄၃ နှစ်)၊ မနှင်းမိုးနွယ်(၁၃နှစ်)၊ မောင်အောင်ငြိမ်းလင်း(၁၀နှစ်)၊ ဒေါ်လုံးယေ (၇၀ နှစ်)၊ ဒေါ်မြတင်(၅၀နှစ်)၊ မအေးအေးသွယ်(၁၁ နှစ်)တို့ဖြစ်သည်။

ထို့ပြင် ဒေါ်မညိုဝင်း(၅၈ နှစ်)၊ ဦးမောင်ညိုလှ(၅၀ နှစ်)၊ မခိုင်စုဝေ(၈ နှစ် )၊ ဦးကျော်လိူင်(၄၅ နှစ်)၊ ဒေါ်သန်း အေးကြည်(၅၃ နှစ်)၊ မစန္ဒာအေး(၂၄ နှစ်)တို့ကို လည်း ကျည်ထိမှန်သွားသည်။

ယင်းအနက် နှင်းမိုးနွယ်မှာ ဝမ်းဗိုက်ကိုကျည်ထိမှန်သွားပြီး ဒေါ်သန်းအေးကြည်မှာ လည်ပင်းကိုကျည် ဖောက်ထွက်သွားသည်။ ဒေါ်လုံးယေမှာလည်း ဦးခေါင်းကိုကျည်ထိမှန်သွားပြီး ညာဘက်လက်မှာပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

ထို့ပြင် ယင်းဖြစ်စဉ်ကြောင့် တောင်ဦးကျေးရွာမှ အသက် (၃၀)အရွယ် ဦးဖြူမောင်ယေမှာလည်း ညာဘက်ခြေတွင် ကျည်ထိမှန်သွားပြီး ပေါင်းတုတ်(မွတ်ဆလင်)ကျေးရွာမှ ဒေသခံ (၉)ဦးလည်း ကျည်ထိမှန် ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများ ထံက သိရသည်။

“ ဒဏ်ရာရတာကတော့ ၉ ယောက်ပါ။ ၄ ယောက်က ဒဏ်ရာပြင်းထန်းတယ်။ နောက် ၅ ယောက်ကတော့ နည်းနည်း ထိခိုက်ဒဏ်ရာရသွားတယ်။ ဒဏ်ရာပြင်းထန်သူတွေကိုတော့ မြောင်ဘွေဆေးရုံမှာ ဆေးကုသနေ တယ်” ဟု ပေါင်းတုတ် မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်က ပြောသည်။

လူနာများကို ဆေးကုသနေသည့် တိန်ညိုကျေးရွာ တိုက်နယ်ဆေးရုံကို ကျည်ဆံများထိမှန်သဖြင့် ဆေးရုံကို ပိတ်ထားလိုက်ရပြီး ဆရာဝန်အပါအဝင် လူနာများကို မြောက်ဦးဆေးရုံသို့ ပြောင်းရွှေ့လိုက်ရသည်ဟု ဒေသခံများထံက သိရသည်။

အလားတူ ယနေ့ နံနက်က ကျည်ဆံများထိမှန်၍ ကျောက်တော်မြို့နယ်၊ သိန်းတန်ကျေးရွာတွင်လည်း အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။ အသက် (၃၉) နှစ်အရွယ် ဒေါ်နွယ်နွယ်ဦးမှာ ဦးခေါင်းတွင် ကျည်ထိမှန်သွားသောကြောင့် စစ်တွေဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ထားရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှှုကြောင့် အရပ်သားသေဆုံးမှှု (၁၃၀) ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၃၀၀)ကျော်အထိ ရှိလာနေကြောင်း ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ ရန်ကုန်)၏ စာရင်းအရသိရသည်။

ဗီဒီယိုများ