မင်းပြားတွင် ဒေသန္တရအမိန့်ကို လိုက်နာရန်ပျက်ကွက်၍ ဒေသခံ ၅ ဦးကို ဖမ်းဆီးထား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၌ စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းအချိန်က ဒေသန္တရအမိန့်လိုက်နာရန် ပျက်ကွက်၍ ဒေသခံ ၅ ဦးအား ဖမ်းဆီးထားကြောင်း စက်တင်ဘာ ၁၅ ရက်နေ့တွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

By မျိုးသီရိကျော် 16 Sep 2020

မျိုးသီရိကျော် | DMG
စက်တင်ဘာ ၁၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၌ စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းအချိန်က ဒေသန္တရအမိန့်လိုက်နာရန် ပျက်ကွက်၍ ဒေသခံ ၅ ဦးအား ဖမ်းဆီးထားကြောင်း စက်တင်ဘာ ၁၅ ရက်နေ့တွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဖမ်းဆီးခံထားရသူတို့မှာ ဦးတင်သိန်း၊ ဦးဟန်သိန်း၊ ဦးမောင်နိုင်ဦး၊ မောင်သန်းနှင့် မောင်ညီညီထွန်းတို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှသိရသည်။

အဆိုပါမြို့၌ စက်တင်ဘာ ၁၀ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် တရားခံများဖမ်းဆီးရမိရေးအတွက် အလယ်ပိုင်းရပ်ကွက်တွင် ကင်းပုန်းဝပ်စောင့်ဆိုင်း နေကြစဉ် ၎င်းတို့ ၅ ဦးအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တပ်မတော်ကဆိုသည်။

“သူတို့က ရဲစခန်းမှာပါ။ အဲဒီနေ့က အချိန်မတော်သွားလာနေတဲ့အတွက် မသင်္ကာလို့ ဖမ်းလိုက်တာပါ။ ဘာမှတော့ စိတ်ပူစရာမရှိပါဘူး။ အသေးစိတ်ကိုတော့ ကျနော်တို့အနေနဲ့ ပြောပိုင်ခွင့်မရှိပါဘူး” ဟု မင်းပြားမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

မင်းပြားမြို့နယ်၌ ညမထွက်ရအမိန့် ၁၄၄ ထုတ်ပြန်ထားရှိပြီးဖြစ်၍ အဆိုပါ ၅ ဦးသည် လိုက်နာရန်ပျက်ကွက် သဖြင့် ဒေသန္တရအမိန့်လိုက်နာရန်ပျက်ကွက်မှု ပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထိုသို့ဖမ်းဆီးခံရသူ ၅ ဦးမှာ မင်းပြားမြို့နယ် ပြည်တော်လှရပ်ကွက်တွင်နေထိုင်သူ ၃ ဦးနှင့် ဖလောင်းပြင် ကျေးရွာမှ ၂ ဦးတို့ဖြစ်ကြောင်း မင်းပြားမြို့အလယ်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းရွှေကပြောသည်။

ဗီဒီယိုများ