ပြည်သူများဖြုတ်ချထားသည့် မဟာမုနိဘုရားရှိ မကိုဋ်တော်ကို သိန်းတန်ဆရာတော်ဦးဆောင်၍ ပြန်တင်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ တည်ထားကိုးကွယ်လျက်ရှိသော မဟာမြတ်မုနိဘုရား၏ ဦးတော်မှ ပြည်သူများဖြုတ်ချထားသည့် မကိုဋ်တော်ကို သိန်းတန်ဆရာတော်မှဦးဆောင်၍ ပြန်တင်ခဲ့ကြောင်း မဟာမုနိ ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးညိုသာလှက ပြောသည်။

06 Jun 2020



ခိုင်ရိုးလ | DMG
ဇွန် ၆ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ တည်ထားကိုးကွယ်လျက်ရှိသော မဟာမြတ်မုနိဘုရား၏ ဦးတော်မှ ပြည်သူများဖြုတ်ချထားသည့် မကိုဋ်တော်ကို သိန်းတန်ဆရာတော်မှဦးဆောင်၍ ပြန်တင်ခဲ့ကြောင်း မဟာမုနိ ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးညိုသာလှက ပြောသည်။

ဖြုတ်ချထားသည့် မကိုဋ်တော်(ဟောင်း)ကို ကျောက်တော်မြို့နယ် သိန်းတန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ကြီး ဦးဣန္ဒမာလာဦးဆောင်ပြီး မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့မှ ဆရာတော်၊ သံဃာတော် အပါး ၄၀ ကျော်တို့ဖြင့် ဇွန်လ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်တွင် ပြန်တင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်၍ ရှင်းပြသည်။

“အရင်တုန်းကတည်းက မကိုဋ်တော်ရှိနေတာကို မသမာသူတစ်စုကဖြုတ်ချခဲ့တာ။ မကိုဋ်တော်မရှိတဲ့အခါ မတင့် မတယ်ဖြစ်နေတဲ့အတွက် ဗုဒ္ဓပစ္စယ၊ အနေကဇာတို့၊ ရတနာ့သုတ်၊ မေတ္တာသုတ်တို့ရွတ်ပြီးတော့ အမျှမေတ္တာ ဝေပြီး တင်ခဲ့တယ်။ စလွယ်တော့မပါဘူး” ဟု သိန်းတန်ဆရာတော်က မိန့်ကြားသည်။

မဟာမုနိရုပ်ပွားတော်မှ စလွယ်တော်နှင့် မကိုဋ်တော်တို့ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကျောက်တော်မြို့နယ်ရှိ ကျေးရွာအုပ်စု ၁၂ အုပ်စု၊ လူမှုရေးအဖွဲ့အစည်းများနှင့် ရခိုင်ပြည်သူများ စသည်ဖြင့် လူဦးရေတစ်သောင်းကျော်တို့က ရှေးနဂိုမူလအတိုင်းထားရှိရန်ဟုဆိုကာ ဆန္ဒဖော်ထုတ်ပြီး ဖြုတ်ချခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြည်သူ့သဘောဆန္ဒဖြင့် ဖြုတ်ချထားသည့်မကိုဋ်တော်ကို ယခုပြန်တင်သည့်အခါ ကျောက်တော်မြို့နယ် သံဃာနာယကအဖွဲ့အစည်းနှင့် ပြည်သူတို့ကို အသိပေးအပ်ခြင်းမရှိခဲ့သည့်အတွက် ဝေဖန်မှုများ ဖြစ်ပေါ်နေ ကြသည်။

“သဘောတူသူ၊ မတူသူတွေရှိတယ်ဆိုတော့ တစ်ခါမှ တင်ရတော့မှာမဟုတ်တော့ဘူး။ အချိန်ကြာသွားမယ် ” ဟု သိန်းတန်ဆရာတော်က မိန့်သည်။

ယင်းသို့ ပြည်သူများကို တစ်စုံတစ်ရာအသိမဘဲ လုပ်ဆောင်ခြင်းသည် လူထုကိုစော်ကားရာရောက်ကြောင်း မကိုဋ်တော်ကို ဖြုတ်ချရာတွင်ပါဝင်ခဲ့သူ ကျောက်တော်မြို့ဒေသခံ ကိုဇော်ဝင်းက ဆိုသည်။

မဟာမြတ်မုနိဘုရားအနီးရှိ သရက်တပင်ကျေးရွာမှ ကိုသာဇံက “အခုဒေသခံတွေ အမြင်မကြည်ဖြစ်နေ ကြတယ်။ ပြီးတော့ “ယတြာ”တယ်လို့လည်း အမြင်တွေဖြစ်နေကြတယ်။ ဘာပဲဖြစ်ဖြစ် လုံးဝမကျေနပ်ဘူး” ဟု ဆိုသည်။

မဟာမြတ်မုနိရုပ်ပွားတော်ရှိ မကိုဋ်တော်၊ စလွယ်တော်နှင့် ဆက်စပ်ပစ္စည်းများကို တပ်မတော်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်တွင် ထောက်လှမ်းရေးအကြီးအကဲ(ဟောင်း) ဗိုလ်ချုပ်ကြီးခင်ညွှန် လက်ထက်တွင် ဆက်ကပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှေးဟောင်းသမိုင်းဝင် ရုပ်ပွားတော်မြတ်သည် ရခိုင်လူမျိုးတို့၏ အထင်ကရ ဘုးရားတစ်ဆူဖြစ်ပြီး ဗုဒ္ဓဘာသာ ဝင်တို့၏ တန်ခိုးကြီးဘုရားတစ်ဆူအဖြစ် ကျောက်တော်မြို့နယ် မဟာမုနိကျေးရွာ ရန်ကုန်-စစ်တွေ ကားလမ်းမ ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသည်။

ဗီဒီယိုများ