ရသေ့တောင်မြို့နယ်မှ မရီရီစိုးသေဆုံးမှုကို မိုင်းပေါက်ကွဲမှုကြောင့်ဟုဆိုကာ ရွာသားနှစ်ဦးကို ဖမ်းဆီးတရားစွဲဆိုထားမှု တရားလိုဘက်မှမလာရောက်၍ အမှုကြန့်ကြာနေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာမှ ဦးခေါင်းကျည်ထိမှန်ပြီး မရီရီစိုးသေဆုံး မှုအား ရွာအနီးမှမိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသည်ဟုဆိုကာ မင်းဖူးကျေးရွာသားနှစ်ဦးကို သံသယဖြင့်ဖမ်းဆီးပြီး ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေပုဒ်မ ၃ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

27 Aug 2019

မင်းဖူးကျေးရွာမှ ဦးခေါင်းကျည်ထိမှန်ပြီးသေဆုံးခဲ့သူ မရီရီစိုး၏ ရုပ်အလောင်းအား ရသေ့တောင်ဆေးရုံသို့ ပို့ဆောင်စဉ်။

ခိုင်ရိုးလ | DMG

သြဂုတ် ၂၇ ၊ စစ်တွေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာမှ ဦးခေါင်းကျည်ထိမှန်ပြီး မရီရီစိုးသေဆုံး မှုအား ရွာအနီးမှမိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသည်ဟုဆိုကာ မင်းဖူးကျေးရွာသားနှစ်ဦးကို သံယဖြင့်ဖမ်းဆီးပြီး ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေပုဒ်မ ၃ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

မင်းဖူးကျေးရွာမှ မရီရီစိုး ၁၉ နှစ် သေဆုံးခြင်းသည် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က တပ်မတော်စစ်ကြောင်း တစ်ခုမှ ကျေးရွာအတွင်း ပစ်ခတ်မှုများကြောင့် ကျည်ဆံသည် ပါးပြင်မှဦးခေါင်းကိုဖောက်ထွက်ပြီး မရီရီစိုး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

တပ်မတော်စစ်ကြောင်းမှ အိမ်ထောင်စုနှင့် လူဦးရေစာရင်းစစ်ဆေးရန် မင်းဖူးကျေးရွာအတွင်း ရောက်ရှိနေချိန် ကျေးရွာအပြင်ဘက်မှ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ကျေးရွာအတွင်းရှိ တပ်မတော်သားများမှာ ရွာအတွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မရီရီစိုး၏ဖခင် ဦးမောင်ထွန်းလှက ပြောဆိုထားသည်။

“ကျနော့်သမီးလေးကို တပ်မတော်က ပစ်တာပါ။ ဘယ်လိုပစ်တာလဲဆိုရင် ကျွန်တော်တို့နေအိမ်ကို လေးဘက်လုံးက ဝိုင်းထားကြတယ်။ အဲဒီအချိန်မှာ ဟိုကဗုံးပေါက်ကွဲသံကြားတော့ သူတို့က ဝိုင်းပစ်ကြတယ်” ဟု ဦးမောင်ထွန်းလှက ဆိုသည်။

အဆိုပါ မရီရီစိုးသေဆုံးခြင်းသည် ရွာအနီးမိုင်းပေါက်ကွဲမှုမှ ကျည်စထိမှန်သေဆုံးခြင်းဖြစ်သည်ဟုဆိုကာ ပေါက်ကွဲမှုတွင် သံသယရှိသည့် မင်းဖူးကျေးရွာသားနှစ်ဦးကို ဖမ်းဆီးတရားစွဲဆိုခြင်းဖြစ်သည်ဟု အမှုတိုင်ကြားချက်တွင် ပါရှိကြောင်း သိရသည်။

DMG မှ မင်းဖူးကျေးရွာသို့ သွားရောက်ခဲ့ရာတွင် မရီရီစိုးသည် ၎င်း၏နေအိမ်ပေါ်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့မြင်ခဲ့ရသည်။

ထိုသို့ ပေါက်ကွဲမှုတွင် သံသယဖြင့်ဖမ်းဆီးခံထားရသည့် မင်းဖူးကျေးရွာမှ ဦးသန်းဖေ ၄၀ နှစ်နှင့် ဦးဝေစိုးထွန်း ၃၅ နှစ်တို့ကို ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေပုဒ်မ ၃ ဖြင့် တရားစွဲဆိုထားမှုတွင် တရားလို ဘက်မှ လာရောက်ခြင်းမရှိသဖြင့် အမှုစစ်ဆေးရန်ကြန့်ကြာနေကြောင်း ၎င်းတို့၏ အကျိုးဆောင်ရှေ့နေထံမှ သိရသည်။

၎င်းအမှုတွင် တရားလိုဖြစ်သည့် ညောင်ချောင်းနယ်ခြားစောင့်ရဲစခန်းမှ ရဲအုပ်အောင်ကျော်စိုးမိုးနှင့် တပ်မတော်မှ တရားလိုသက်သေ ၃ ဦးတို့မှာ တရားရုံးသို့ လာရောက်ခြင်းမရှိသဖြင့် အမှုစစ်ဆေးရန် ကြန့်ကြာနေကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က DMG ကို ပြောသည်။

“ဒီအမှုကိုအဆုံးသတ်နိုင်ဖို့အတွက် ရဲအုပ်အောင်ကျော်စိုးမိုးကို စစ်ရမယ်။ သူက တရားလိုလည်းဖြစ်တယ်၊ အမှုစစ်အရာရှိလည်းဖြစ်တယ်။ အဲဒါသူက အထက်အရာရှိက ခွင့်မပြုလို့ မလာဆိုပြီးတော့ ဖုန်းနဲ့ပဲပြောတယ်” ဟု ဒေါ်အေးနုစိန်က ဆိုသည်။

တရားလိုနှင့် တရားလိုသက်သေများ တရားရုံးသို့လာရောက်မှုမရှိခြင်းသည် သံသယဖြင့် ဖမ်းဆီးထားသူ နှစ်ဦးအား ကြန့်ကြာအောင် လုပ်ဆောင်နေသကဲ့သို့ ဖြစ်နေသည်ဟု ၎င်းကပြောသည်။

“ဒီဟာက တရားခံတွေကို အချုပ်မှာ မကြန့်ကြာသင့်ပဲ ကြန့်ကြာအောင်၊ ဒုက္ခရောက်နေအောင် တစ်ဖက်သတ် လုပ်နေသလိုဖြစ်နေတယ် ” ဟု ဒေါ်အေးနုစိန်ကပြောသည်။
၎င်းအမှုအား လာမည့်သြဂုတ်လ ၃၀ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးမှ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

မင်းဖူးကျေးရွာမှ မရီရီစိုးသေဆုံးမှုသည် တိုက်ပွဲကြားတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် ရွာအဝင်တံတားတွင် AA မှ မိုင်းဆွဲတိုက်ခိုက်ပြီး ကျေးရွာအတွင်း ဝင်ရောက်ကာ ပစ်ခတ်သဖြင့် တပ်မတော်နှင့် အပြန်အလှန်ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

“အဓိကတော့ အဲဒီမှာ တိုက်ပွဲဖြစ်တယ်။ AA အဖွဲ့က အရပ်ဝတ်တွေရွာထဲကိုဝင်ပြေးပြီး ရွာထဲကနေ ပြန်ပစ်တယ်။ (ရီရီစိုး)သေဆုံးသွားတာက တိုက်ပွဲကြားမှာ သေဆုံးသွားတာပေါ့။ ရွာထဲနေ AA အဖွဲ့က ပစ်တယ်။ AA အဖွဲ့ပစ်တဲ့အတွက် ထိမှန်ခဲ့တယ်လို့ ကျွန်တော်တို့ကယူဆတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက DMG ကို ပြောဆိုထားသည်။

ကျေးရွာအတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ကျေးရွာသားများမှ ပြောဆိုကြသလို ရက္ခိုင့်တပ်တော်(AA)မှလည်း တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း ပြောဆိုထားသည်။
“မရီရီစိုးသေဆုံးမှုဟာ ဗမာစစ်တပ်က စစ်ရာဇဝတ်မှုကျူးလွန်ထားတာကို ဖုံးကွယ်ထားချင်လို့ မျက်စိမှိတ်ပြီး ငြင်းတဲ့သဘောပါ” ဟု AA ပြောခွင့်ရ ခိုင်သုခကပြောသည်။

လက်ရှိမှာ မင်းဖူးကျေးရွာသားနှစ်ဦးအား ပေါက်ကွဲမှုဖြင့်ဖမ်းဆီးတရားစွဲဆိုခံထားရသည်မှာ ၇ လအထိ ကြာမြင့် လာခဲ့ပြီဖြစ်သည်။

၎င်းကျေးရွာသားနှစ်ဦးအား စွဲဆိုထားသည့် ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေပုဒ်မ ၃ သည် ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ၎င်းပြစ်ဒဏ်ကာလထက် လျော့နည်းသည့်ပြစ်ဒဏ်အပြင် ငွေဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်အပြင် ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

ဗီဒီယိုများ