ရခိုင်တွင် ယခုနှစ်အတွင်း တပ်မတော်က ဖမ်းဆီးသွားပြီးနောက် သတင်းအစအန ပျောက်ဆုံးနေသူ ၃၀ ဦးခန့်ရှိ

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့်ကြာမြင့်လာနေပြီး တိုက်ပွဲကာလအတွင်း အေအေနှင့်ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ တပ်မတော်က သံသယဖြင့် ဖမ်းဆီးမှုများမှာလည်း နေ့စဉ်တိုးလာနေသည်။

By အောင်ထိန် 30 Jul 2020

ဓာတ်ပုံ - တပ်မတော်က ဖမ်းဆီးသွားပြီးနောက် သတင်းပျောက်ဆုံးနေသည့် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာမှ ဒေသခံနှစ်ဦးဖြစ်သည့် ကိုမောင်အေးနိုင်နှင့် ကိုဝင်းနိုင်

အောင်ထိန်၊ DMG
ဇူလိုင် ၃၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့်ကြာမြင့်လာနေပြီး တိုက်ပွဲကာလအတွင်း အေအေနှင့်ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ တပ်မတော်က သံသယဖြင့် ဖမ်းဆီးမှုများမှာလည်း နေ့စဉ်တိုးလာနေသည်။

ထိုသို့ ဖမ်းဆီးခံရသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်များဖြင့် အမှုဖွင့်တရားစွဲဆိုလျက်ရှိသည်။ ဖမ်းဆီးခံရသူများထဲမှအချို့မှာ စစ်ကြောရေးကာလအတွင်း သေဆုံးမှုများရှိခဲ့ပြီး အချို့မှာ သတင်းမကြားရဘဲ ပျောက်ဆုံးလျက်ရှိနေကြောင်း ဖမ်းဆီးခံရသူတို့၏ မိသားစုဝင်များက ပြောဆိုကြသည်။

ယခု(၂၀၂၀ ခုနှစ်) ဇန်နဝါရီလမှ ဇူလိုင်လအထိ တပ်မတော်က သံသယဖြင့်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတင်းတစ်စုံတစ်ရာမရရှိဘဲ ပျောက်ဆုံးလျက်ရှိသူ ၃၀ ဦးခန့်အထိရှိနေကြောင်း DMG မှ ကောက်ယူရရှိ ထားသည့် စာရင်းအရသိရသည်။

ထိုသို့ပျောက်ဆုံးနေသူများမှာ တောင်ကုတ်မြို့နယ်၊ ကမာကျေးရွာမှ (၂)ဦး၊ ချက်ဖောက်ကျေးရွာမှ (၁)ဦး၊ လမူးမော်စံပြကျေးရွာမှ (၁)ဦးဖြစ်သည်။ ထို့ပြင် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာမှ (၂)ဦး၊ ကျောက်တော် မြို့နယ်၊ ခေါင်းတုတ်ကျေးရွာမှ (၂)ဦး၊ တင်းမကျေးရွာမှ (၁၈)ဦးနှင့် မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ (၂)ဦး၊ နရမ်းကျေးရွာမှ (၂)ဦးတို့ ဖြစ်ကြသည်။

“ဒီဟာတွေက မဖြစ်သင့်ဘူး။ တကယ်လို့ သံသယရှိတယ်ဆိုရင် ဖမ်းပေါ့။ ဖမ်းပြီးရင် တရားဥပဒေအတိုင်း တရား စွဲပေါ့။ ဘယ်လောက်ထိ သက်သေအထောက်အထားရှိပါစေ၊ တရားရုံးကဖြေရှင်းဖို့ ဥပဒေကရှိပြီးသားလေ” ဟု ရသေ့တာင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောဆိုသည်။

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ဒေသခံ ၁၈ ဦးကို တပ်မတော်မှဖမ်းဆီးသွားသည်မှာ ၅ လခန့် ကြာမြင့် နေပြီဖြစ်သော်လည်း ယနေ့အချိန်ထိ တစ်စုံတရာ သတင်းမကြားရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

အလားတူ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ ကိုသန်းရွှေ (၃၆)နှစ်နှင့် ၎င်း၏ညီဝမ်းကွဲတော်စပ်သူ ကိုမောင်ဝင်းရွှေတို့နှစ်ဦးမှာ မေလ ၁ ရက်နေ့က မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိမှာ အချိန် (၄)လခန့် ကြာမြင့်လာသည့်အထိ သတင်းမရရှိသေးဟု မိသားစုမှပြောသည်။

“သူတို့(တပ်မတော်) လက်ထဲရောက်သွားရင် အသက်ရှင်ဖို့ထက် သေဖို့ဖက်က ပိုများတော့ စိုးရိမ်တယ်။ တကယ်လို့ ကျနော့်သားတွေသာ အသက်ရှင်လျက်ရှိနေသေးမယ်ဆိုရင်တော့ သူတို့မှာအပြစ်ရှိတယ် ဆိုရင်လည်း ရုံးတင်ပေးပါ။ အပြစ်မရှိဘူးဆိုရင်လည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဖမ်းဆီးခံရသူကိုသန်းရွှေ၏ ဖခင် ဦးဖြူကြီးကပြောသည်။

ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက တပ်မတော်အနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းအား လိုက်နာရန်လိုကြောင်း ပြောသည်။

“ဒီဟာတွေက တစ်ဖက်မှာလည်း ဒီမိုကရေစီနိုင်ငံကို ဆန့်ကျင်တဲ့ပုံစံမျိုးဖြစ်တယ်။ တစ်ဖက်မှာလည်း စစ်ရာဇဝတ် မှုကိုကျူးလွန်ပြီး လုပ်ထားတာတွေရှိတယ်။ ဂျီနီဗာကွန်ဗင်းရှင်းကိုလည်း မလိုက်နာဘူး” ဟု ၎င်းကပြောဆိုသည်။

ယင်းသို့ဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အချို့နေရာများတွင် လုံခြုံရေးအရ ချွတ်ယွင်းချက်ရှိနိုင်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့ကပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“တချို့နေရာတွေမှာတော့ ကျနော်တို့ချွတ်ယွင်းချက် ရှိကောင်းရှိလိမ့်မယ်၊ လုံခြုံရေးအရပေါ့။ တရားစွဲတင်ရမယ့် မြို့နယ်တွေရှိတယ်။ သူတို့ကိုဖမ်းဆီးပြီးထားတဲ့ နေရာတွေရှိတယ်၊ အဲဒီနေရာကနေ အဲဒီမြို့ကို ပို့ဖို့အတွက် အမှု စွဲတင်ဖို့၊ မြို့တွေကိုပို့ဖို့အတွက် အချို့နေရာတွေကျတော့လည်း ဒီကပ်နေတဲ့နေရာတွေမှာ အမှုဖွင့်လို့မရဘူး။ ကြန့်ကြာမှုတော့ရှိမယ်။ ဒါလုံခြုံရေးအရ မပို့နိုင်တဲ့ဟာတွေ ရှိကောင်းရှိနိုင်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်က ဆိုသည်။

တပ်မတော်မှ ဖမ်းဆီးထားသူများအား အပြစ်ရှိလျှင် ဥပဒေနှင့်အညီအရေးယူရန်နှင့် အပြစ်မရှိပါက အမြန်ဆုံး ပြန်လွှတ်ပေးရန် ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက တောင်းဆိုနေကြသည်။

ဗီဒီယိုများ