မော်လမြိုင်နှင့် ကျိုက်ထိုမြို့ရှိ လူငယ်များကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ပိုမိုဖမ်းဆီးလာ

မွန်ပြည်နယ် မော်လမြိုင်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီမှ ဒေသခံလူငယ်များကို အတင်းအကြပ်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ခိုင်မာသော ဒေသခံများထံမှ သိရသည်။

23 Nov 2021

ဓါတ်ပုံ - မော်လမြိုင်မြို့အား တွေ့ရစဉ်။

DMG၊ နိုဝင်ဘာ ၂၃

မွန်ပြည်နယ် မော်လမြိုင်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီမှ ဒေသခံလူငယ်များကို အတင်းအကြပ်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ခိုင်မာသော ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက် ည ၁၁ နာရီအချိန်တွင် မော်လမြိုင်မြို့သာယာအေးရပ်ကွက် လှိုင်ဈေးရုံလမ်းအတွင်း နေထိုင်သူ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်နှင့် ရဲအပါအဝင် အုပ်ချုပ်ရေးအဖွဲ့မှ ဧည့်စာရင်းစစ်မည်ဆိုကာ နေအိမ်မှအတင်းကြပ် အင်အားသုံးဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူ DMG ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"ညအိပ်ချိန်ကြီး ဧည့်စာရင်းစစ်မယ်လို့ ပြောတာကြားရတယ်။ အဲတာမကြာဘူး။ ခေါင်းရင်းအိမ်က ကောင်လေးတစ်ယောက်ကို အတင်းဝိုင်းရိုက်ပြီး ခေါ်သွားတယ်။ "ဟု သူမက ပြောသည်။

ထိန်းသိမ်းခံရလူငယ်မှာ "ကိုအတာ"ဆိုသူဖြစ်ပြီး အဆိုပါနေအိမ်တွင် သန်းခေါင်စာရင်းအတွင်း၌ မပါရှိတာကြောင့် စစ်ဆေးခံရမည်ကို ကြောက်ရွံ့ပြီး ပုန်းအောင်းနေစဉ် အတင်းအကျပ်ခေါ်ဆောင်သွားခံရတာဖြစ်ကြောင်း ဖမ်းဆီးခံရသူ၏အမျိုးသမီးဖြစ်သူက ပြောသည်။

နိုဝင်ဘာ ၂၁ ရက် မနက် ၁ နာရီခွဲအချိန် မော်လမြိုင်မြို့၊ မောင်ငံအလယ်တန်းရပ်ကွက်တွင် နေထိုင်သူ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်နှင့် ရဲအဖွဲ့မှ အင်အားအများအပြားဖြင့် ဖမ်းဆီးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။

"မနက် အစောကြီး ၁ နာရီ လောက်ပဲ ရပ်ကွက်က အိမ်တစ်လုံးကို ဝင်စစ်တာ ရဲတွေစစ်သားတွေပါတယ်။ အင်အား ၃၀ လောက် လူငယ်တစ်ဦးကို ဖမ်းသွားတာတွေ့ရတယ်" ဟု သူကဆိုသည်။

လူမှုကွန်ယက်အကောင့်ပိုင်ရှင် Nay Lin ဆိုသူကိုလည်း မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၌ စစ်ကောင်စီတပ်မှ သတင်းလိုက်လံစုံစမ်းပြီး ဖမ်းဆီးခဲ့ကြောင်း မျက်မြင်သက်သေက ထပ်မံဆိုသည်။

အကောင့်ပိုင်ရှင် ကိုနေလင်းအပါအဝင် ဘီလှိုင်၊ ဘိုကုန်း၊ ဘဲကုန်းနှင့် မောင်ငံရပ်ကွက်တို့မှ လူငယ် ၇ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးထားကြောင်း ရပ်ကွက်ဒေသခံများက ပြောဆိုကြသည်။

ကျိုက်ထိုမြို့နယ်ရှိ နာရေးကူညီမှုအသင်း ဥက္ကဌဖြစ်သူ ကိုစိုးသီဟ အပါအဝင် လူငယ်တချို့ကို နိုဝင်ဘာ ၁၄ ရက် ညနက်ပိုင်းအချိန်တွင် စစ်ကောင်စီတပ်ဖက်မှ အင်အားသုံးဖမ်းဆီးခဲ့ခြင်း ရှိခဲ့သည်။

ယင်းကဲ့သို့ လူငယ်များ ဖမ်းဆီးခံနေရခြင်းနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် DMG မှ ဒေသခံ အာဏာပိုင်များကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

မွန်ပြည်နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေဆန္ဒပြသူများကို စစ်ကောင်စီမှ အတင်းအကျပ်ဖမ်းဆီးနေပြီး လက်ရှိအချိန်အထိ လူငယ်တစ်ရာကျော်ထက်မနည်း ရှိနေပြီဖြစ်သည်။

ဗီဒီယိုများ