ကျေးရွာမီးလောင်သွားသဖြင့် မီးလက်ဝ(အောက်)ကျေးရွာမှ စစ်ဘေးရှောင်များ နေရပ်ပြန်ရေးအခက်တွေ့နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးလက်ဝ(အောက်)ကျေးရွာတွင် မေလ ၂၆ ရက်နေ့က နေအိမ်များမီးရှို့ခံရ မှုကြောင့် ၎င်းကျေးရွာမှ စစ်ဘေးရှောင်နေကြသည့် ကျေးရွာသားများမှာ နေရပ်ပြန်ရေးအတွက် အခက်အခဲ ရှိနေကြသည်။

By မျိုးသီရိကျော် 27 May 2020



မျိုးသီရိကျော် | DMG
မေ၂၇ ၊ ပလက်ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးလက်ဝ(အောက်)ကျေးရွာတွင် မေလ ၂၆ ရက်နေ့က နေအိမ်များမီးရှို့ခံရ မှုကြောင့် ၎င်းကျေးရွာမှ စစ်ဘေးရှောင်နေကြသည့် ကျေးရွာသားများမှာ နေရပ်ပြန်ရေးအတွက် အခက်အခဲ ရှိနေကြသည်။

ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်တိမ်းနေသူ ဦးနှင်းဝိုင်းက မီးလောင်ကျွမ်းရာတွင် ၎င်း၏ နေအိမ်ပါဝင် သွားသဖြင့် လာမည့်မိုးရာသီတွင်မည်သို့နေထိုင်ရမည်ကိုစဉ်းစားမရဟု ဆိုသည်။

“အခုတော့ ပလက်ဝမြို့ထက်က စာသင်ကျောင်းမှာနေပါတယ်။ ကျောင်းဖွင့်တဲ့အချိန်ရောက်ရင် ကျနော်တို ့ ဘယ်လိုနေရတော့မလဲ။ အိမ်လည်းမရှိတော့ဘူး။ အိမ်မှာရှိတဲ့ ဆန်စပါးတွေလည်းမရှိတော့ဘူးဆိုတော့ ကျနော် တို့မှာ တကယ့်ကိုအခက်ခဲဖြစ်လာမယ်။ အဲတာကိုစဉ်စားရင် ကျနော်တောင်ငိုချင်တယ်ဗျာ” ဟု ၎င်းကပြောသည်။

မီးလက်ဝ(အောက်)ရွာ မီးရှို့ခံရမှုကြောင့် နေအိမ်အလုံး ၆၀ ခန့် မီးလောင်ပျက်စီးမည်ဟု ကျေးရွာသားများက ခန့်မှန်းပြောဆိုနေကြပြီး အဆိုပါကျေးရွာသို့ သွားရောက်ကြည့်ရှုသူများကို တပ်မတော်သားများမှ ဟန့်တား ထားသဖြင့် ပျက်စီးမှုစာရင်းအတိအကျကို မသိရှိရသေးကြောင်းလည်း ဆိုသည်။

၎င်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုလည်းမရှိဘဲ နေအိမ်များမီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကို အတိအကျမသိရသေးကြောင်း မီးလက်ဝ(အောက်)ကျေးရွာမှ ရာအိမ်မှူး ဦးရွှေကျော်က ပြောသည်။

လက်ရှိမှာ မီးလောင်မှုကြောင့် ပျက်စီးသွားခဲ့သည့်နေအိမ်များနှင့် ပစ္စည်းများစာရင်းကိုပြုစုနေပြီး မြို့နယ် အုပ်ချုပ်ရေးမှူးထံတင်ပြရန် စီစဉ်နေကြောင်းလည်း ၎င်းကဆိုသည်။

“လက်ရှိမီးလောင်သွားတဲ့ အိမ်စာရင်းနဲ့ဆုံးရှုံးသွားတာတွေကိုတော့ စာရင်းတွေလုပ်နေပါတယ်။ ပြီးရင်တော့ ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးထံစာတင်သွားမှာပါ။ အဲဒီကနေတစ်ဆင့် ကျနော်တို့ကိုကူညီပေးစေချင် ပါတယ်”ဟု ဦးရွှေကျော်က ပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက်က မီးလောင်ပျက်စီးသွားသည့်နေအိမ်များ ပြန်လည် ထူထောင်ရေးအတွက် ပြည်ထောင်စုအစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း ပြောသည်။

“ရွာမီးရှို့ခံရတာကျတော့ ပြည်ထောင်စုအစိုးရကိုတင်ပြပြီးတော့ အဲဒီကနေထောက်ပံ့တာရရင်တော့ ပြန်လည် ထူထောင်ရေးလုပ်ပေးမှာပေါ့။ အဲ့လိုမျိုးထောက်ပံ့မှုရအောင်လည်း ပြည်ထောင်စုကိုတင်ပြမယ်။ ပျက်စီးတာများ တော့ သာမန်လုပ်လို့မရဘူးလေ။ ထူထောင်ရေးအတွက်ကျတော့ ပြည်ထောင်စုကနေ လုပ်ပေးရမဲ့သဘောလို့ ထင်တယ်” ဟု ဝန်ကြီးဦးစိုးထက် ပြောသည်။

မီးလက်ဝ(အောက်)ကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၅၀၀ ကျော်ရှိပြီး မတ်လ ၂၁ ရက်နေ့က ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားရာတွင် လေကြောင်းတိုက်ခိုက်မှုများရှိသဖြင့် ပလက်ဝမြို့ပေါ်သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လျက်ရှိနေသည်။

ဗီဒီယိုများ