ရခိုင်က စစ်ဘေးရှောင်စခန်းအချို့တွင် ဆန်အထောက်အပံ့များ မရောက်ရှိသေး

ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ချို့ကို စစ်ကောင်စီလက်အောက်ရှိ လူ/ကယ်ပြန်ဌာနမှ ဆန်များပြန်လည်ထောက်ပံ့ပေးနေပြီဖြစ်သော်လည်း အချို့စခန်းများကိုမူ ထောက်ပံ့ခြင်းမရှိသေးကြောင်း သိရသည်။

17 May 2022

DMG ၊ မေ ၁၇

ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ချို့ကို စစ်ကောင်စီလက်အောက်ရှိ လူ/ကယ်ပြန်ဌာနမှ ဆန်များပြန်လည်ထောက်ပံ့ပေးနေပြီဖြစ်သော်လည်း အချို့စခန်းများကိုမူ ထောက်ပံ့ခြင်းမရှိသေးကြောင်း သိရသည်။

စစ်ကောင်စီမှ ဆန်ထောက်ပံ့မှုများကို ပြီးခဲ့သည့်သုံးလခန့်တွင်ရပ်ဆိုင်းခဲ့ပြီး ယခုလတွင် ပြန်လည်ထောက်ပံ့ ပေးနေခြင်းဖြစ်သည်။ သို့ရာတွင် မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင် စသည့်မြို့နယ်များရှိ စစ်ဘေးရှောင် စခန်းတစ်ချို့တွင် ဆန်များမရောက်ရှိသေးဟု ဆိုကြသည်။

“အရင်က လူကယ်ပြန်ကဆန်တစ်အိတ်နဲ့ ICRC ကဆန်တစ်အိတ်ဆိုရင် မိသားစုအတွက်လုံလောက်ပါတယ်။ အခု ICRC ကပေးတဲ့ဆန်တစ်အိတ်တည်းနဲ့ စားသောက်နေရလို့ အကျပ်အတည်းအများကြီးရှိပါတယ်။ ငတ်တဲ့လူတွေတောင်ရှိပါတယ်။ အလုပ်မလုပ်နိုင်တဲ့လူတွေဆိုရင် ငတ်ကြပါတယ်”ဟု မြောက်ဦးမြို့၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ ဒေါ်လှအေးစိုးကပြောသည်။

ထို့ပြင် မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းကိုလည်း စစ်ကောင်စီက ဆန်ပြန်လည်ထောက်ပံ့မှုမရှိ သေးဟုဆိုသည်။ လက်ရှိတွင် ICRC က ထောက်ပံ့သည့်ဆန်များကိုသာအားကိုးပြီး စားသောက်နေရသော်လည်း စားနပ်ရိက္ခာအခက်အခဲရှိသည်ဟု တိမ်ညိုစစ်ဘေးရှောင်စခန်းမှ ဦးစိုးနိုင်ကဆိုသည်။

“မိုးတွင်းကျရင် ပိုဆိုးပါလိမ့်မယ်။ အခုတော့ ဘာပဲဖြစ်ဖြစ် ပွင့်လင်းရာသီလည်းဖြစ်နေလို့ခံသာနေတာ။ မိုးတွင်းသာ ဒီလိုဖြစ်မယ်ဆိုရင် ပိုပြီးတော့ ဆိုးဆိုးဝါးဝါးဖြစ်လာပါလိမ့်မယ်။ တခြားမြို့နယ်တွေမှာ ရနေပြီဆိုရင် ကျွန်တော်တို့မြောက်ဦးမြို့ကိုလည်း ရိက္ခာတွေပေးသင့်တယ်လို့ထင်ပါတယ်”ဟု ၎င်းကပြောသည်။

အလားတူ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများသို့ဆက်သွယ်မေးမြန်းရာတွင်လည်း စစ်ကောင်စီမှ ထောက်ပံ့သည့် ဆန်ရိက္ခာများမရောက်ရှိသေးကြောင်း၊ အမြန်ဆုံး ပြန်လည်ထောက်ပံ့စေလိုကြောင်း ပြောဆိုကြသည်။

“ဆန်မရတာ ဖေဖော်ဝါရီကတည်းက မရတာ။ တခြားအရာတွေထက် စားနပ်ရိက္ခာတွေက  စစ်ဘေးရှောင်တွေအတွက် ပိုအရေးကြီးပါတယ်။ ဆိုတော့ ဘယ်လောက်ထိ အခက်အခဲဖြစ်နေကြမလဲဆိုတာ ပြောစရာတောင်မလိုပါဘူး။ အဓိကတော့ စစ်ဘေးသင့်ပြည်သူတွေဟာ စစ်ဘေးဒဏ်တွေကိုလည်း ကြုံခဲ့ရပြီ။ ဒုက္ခတွေထဲကမှ နောက်ထပ်စားရေးသောက်ရေးအတွက် ဒုက္ခကြီးကြီးမားမားရောက်နေရတဲ့အဖြစ်မျိုးတော့ မလိုချင်ပါ”ဟု ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးသန်းအေးကပြောသည်။

မြောက်ဦးခရိုင် လူကယ်ပြန်ဌာနသို့ဆက်သွယ်ရာတွင် မြောက်ဦးအတွက် ဆန်အိတ် ၆၅၃၀ နှင့် ကျောက်တော် မြို့နယ်အတွက် ဆန်အိတ် ၄၂၁၅ အိတ်ကို ယခု(မေလ ၁၈ ရက်)နေ့မှစပြီး ထောက်ပံ့မည်ဟု ခရိုင်တာဝန်ခံကပြောသည်။

ရခိုင်ပြည်တွင် နှစ်နှစ်ကျော်ကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် စစ်ဘေးရှောင်သိန်းနှင့်ချီရှိခဲ့ရာမှ တိုက်ပွဲရပ်တန့်ခဲ့သည့်တစ်နှစ်ကျော်အတွင်း စစ်ဘေးရှောင်အများအပြားမှာ နေရပ်ပြန်သွားကြပြီဖြစ်သည်။ သို့သော်လည်း စစ်ဘေးရှောင်ခြောက်သောင်းခန့်မှ လုံခြုံရေးစိုးရိမ်ရခြင်းနှင့် စစ်ကောင်စီမှ နေရပ်ပြန်ခွင့် မပေးသေးကြောင့် စစ်ဘေးရှောင်စခန်းများတွင် ဆင်းရဲကျပ်တည်းစွာဖြင့် နေထိုင်နေကြရသည်။

ဗီဒီယိုများ